ပုသိမ် ဖေဖော်ဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်၊ မြောင်းမြခရိုင်နှင့် ပုသိမ်ခရိုင်များအတွင်းရှိ စိုက်ပျိုး ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိများသူနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇီးချောင်ကျေးရွာအုပ်စုရှိ တောင်သူဦးအောင်သန်းဦး၏ ရေကျနောက်စိုက် စိုက်ဧက( ၁၀ ) ဧကတွင် GW-11 မျိုးစပါး စံကွက်ရိတ်သိမ်းနေမှုအားလည်းကောင်း၊ တောင်သူ ဦးဝေလင်းအောင်၏ စိုက်ဧက ( ၇ ) ဧကတွင် ဒုတိယသီးနှံ နွေစပါး တိုက်ရိုက်အစေ့ချ ( Durm Seeder)ဖြင့် စိုက်ပျိုးနေမှုအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ သွင်းအားစုများ စနစ်တကျ ထည့်သွင်းဆောင်ရွက်မှု၊ အထွက်တိုး မျိုးစပါးများနှင့် စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးမှု အထွက်နှုန်း တိုးတက်စေရေး ဆောင်ရွက်နေမှုများအား ဆွေးနွေးမေးမြန်းခဲ့ပြီး စပါးရိတ်သိမ်းပြီးပါက ဒုတိယသီးနှံများ ထပ်မံစိုက်ပျိုးစေရေး၊ သီးထပ်စွမ်းအား မြှင့်တင်စေရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေးဆောင်ရွက်ရန် မှာကြားခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောက်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာရှိ တောင်သူဦးဝင်းဗိုလ်၏ လယ်မြေ(၅)ဧက၌ ဆင်းရွှေကြာ(၂) မျိုးရွေးချယ်မြှင့်တင်ရေး စံပြကွက်၌ ဆီထွက်သီးနှံနေကြာ စံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများမှ နေကြာပွင့် အရွယ်အစားအလိုက် နေကြာစေ့ ပါရှိမှု အခြေအနေများနှင့် မျိုးရွေးချယ်မှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က နေကြာပွင့် အရွယ်အစားအလိုက် စနစ်တကျ ရေတွက်ထားရှိရန်၊ ရိတ်သိမ်းချိန် လေလွင့် မရှိစေရေး ဂရုစိုက်ဆောင်ရွက်ရန် မှာကြားခဲ့ကာ စံကွက်ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တတိယသီးနှံ နေကြာစမ်းသပ်စိုက်ခင်းနှင့် တတိယသီးနှံနှမ်း၊ နေကြာသီးညှပ်စိုက်ခင်း စမ်းသပ်စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် သဲကုန်းကျေးရွာ တောင်သူဦးပွား၏ နေကြာ၊ မြေပဲ စနစ်တကျသီးညှပ်(၄) ဧကစိုက်ခင်း စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုနှင့် တစ်နှစ်သုံးသီးစိုက် လယ်ဧက( ၅)ဧကတွင် ပထမသီးနှံ စပါး၊ ဒုတိယသီးနှံ ပဲတီစိမ်း စိုက်ပျိုးပြီး၍ တတိယသီးနှံ နွေစပါး (ခွန်နှစ်) မျိုးသန့် စပါးစိုက်ပျိုးရန် ဆိုလာစနစ်ဖြင့် ရေတင်၍ မြေပြင်ထွန်ယက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး သီးထပ်စွမ်းအား မြှင့်တင်နိုင်ရေးနှင့် အောင်မြင်အောင် ဆောင်ရွက်စေရေးမှာကြားခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝါးခယ်မမြို့၊ သကျမဟာသီရိဘုရားကြီးအား ဖူးမြော်ကြည်ညို၍ အလှူငွေများ ပေးအပ်ခဲ့ပြီး ဘုရားကြီးရှိ တကဲတော်၊ ပန်းတောင်ပန်းစွဲများ၊ မှန်စီရွှေချ လက်ရာများ၊ ရုပ်လုံးရုပ်ကြွများစသည့် ရှေးလက်ရာများ ရေရှည်တည်တံ့ စေရေးနှင့် ထိခိုက်ပျက်စီးမှု မရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ဘုရားပရဝဏ်အတွင်းအပြင် သန့်ရှင်းသပ်ရပ်မှု ရှိစေရေး ဆောင်ရွက်ရန်မှာကြားခဲ့ သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝါးခယ်မ - အိမ်မဲ - မြောင်းမြ ကားလမ်း ဘေးဝဲယာရှိ ကျေးရွာအလိုက် ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းများနှင့် ဝဲကြီးဝကျေးရွာရှိ တောင်သူဦးရွှေထွန်း၏ ဆီထွက်သီးနှံနေကြာ ( Super Sun 41) (၅) ဧက စိုက်ခင်းဖြစ်ထွန်းအောင်မြင်မှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာတွင် မတ်လ၂ ရက်နေ့၌ ကျင်းပပြုလုပ်မည့် တောင်သူလယ်သမားနေ့ အခမ်းအနားတွင် ပြသရန် အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုတင်ပြင်ဆောင်ရွက်ထားသည့် သီးပင်စားပင်များ၊ သစ်ပင် ပန်းမန်များနှင့် အခမ်းအနားပြုလုပ်မည့် နေရာတို့အား ကြည့်ရှုစစ်ဆေးခဲ့ရာ တောင်သူလယ်သမားနေ့အတွက် ကြိုတင်ပြင်ဆောင်ရွက်နေမှု အခြေအနေများအား တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် သီးပင်စားပင်များ စိမ်းလမ်းစိုပြေ နေစေရေး၊ သစ်ပင်ပန်းမန်များ အချိန်မီဖူးပွင့်စေရေး၊ ပြခန်းများ စုံလင်စွာဖြင့် အများပြည်သူ ဗဟုသုတရရှိစေရေး ပြသနိုင်ရေးနှင့် လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာရှိ တောင်သူဦးမြင့်စိုး၏ စိုက်ဧက (၁၀) ဧကတွင် ဆီထွက်သီးနှံနေကြာ ( Super Sun 41) စိုက်ပျိုးဖြစ်ထွန်းအောင်မြင်မှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပိုးမွှားအန္တရာယ် သတိထား ဆောင်ရွက်စေရေး၊ မြေဩဇာ ကျွေးခြင်း၊ ရေပေးခြင်းများ အချိန်ကိုက်ဆောင်ရွက်စေရေးနှင့် အောင်မြင်အောင် ဆောင်ရွက်စေရေး မှာကြားသည်။ ဆက်လက်၍ အောင်တက်ကျေးရွာ နွေစပါး ဆင်းသုခ (RS-CS) မျိုးသန့်မျိုးစေ့ထုတ် စံပြစိုက်ခင်းမြေဩဇာ စုပေါင်းကြဲပတ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး သဘာဝမြေဩဇာ၊ ဓါတ်မြေဩဇာအချိုးကျ သုံးစွဲစေရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေး ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)