မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် စိုက်ပျိုးရန် ပွင့်မာလာပန်း ဥယျာဉ်ခြံ၌ ပန်းအလှပင်များ ပြုစုပျိုးထောင်ထားရှိ

ပွင့်ဖြူ ဖေဖော်ဝါရီ ၁၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ပွင့်မာလာပန်းခြံအတွင်း ပန်းအလှပင် ၂၀၀၀ ခန့် ပျိုးထောင်ထိန်းသိမ်းထားရှိကြောင်းနှင့် အဆိုပါ ပန်းအလှပင်များကို ကြီးထွားအောင်မြင်စေရေးအတွက် ယမန်နေ့က မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ ဝန်ထမ်းများက ပျိုးအိတ်များ လဲလှယ်ခြင်း၊ ရေလောင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ အနီးကပ် ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ စုပေါင်းအဖွဲ့က ပွင့်ဖြူမြို့တွင်း စိမ်းလန်းစိုပြည် သာယာလှပစေရေးအတွက် ပန်းအလှပင်များ စိုက်ပျိုးနိုင်ရေး ပျိုးထောင်ထိန်းသိမ်းထားရှိသော ပွင့်မာလာပန်းဥယျာဉ်ခြံရှိ ပန်းအလှပင်များ ကြီးထွားဖွံ့ဖြိုးစေရေး ရေဖျန်းခြင်း၊ ဟောင်းနွမ်းသော ပျိုးအိတ်များကို အသစ်လဲလှယ်ခြင်း၊ ပန်းအလှပျိုးပင်များ ထပ်မံစိုက်ပျိုးခြင်းနှင့် ပျိုးဥယျာဉ်ခြံနှင့် ပန်းခြံဝန်းကျင် သာယာလှပရေး သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ပန်းဥယျာဉ်ခြံတွင် စိန်ပန်း၊ ခရေ၊ ခရာဝါ၊ စက္ကူပန်း၊ နွယ်သာကီ၊ ရွက်လှ၊ ညောင်ချွန်၊ တောထန်း၊ ဇော်ဂျီ၊ ဗိုလ်ကတော်ပေါင်း စသည့် ပန်းအလှပင် ၂၀၀၀ ခန့် ပြုစုပျိုးထောင်ထားရှိကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ပြောသည်။

ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့တွင်း လမ်းဆုံနေရာများနှင့် လမ်းဘေး (ဝဲ၊ယာ) တစ်လျှောက်တွင် ပန်းအလှပင်များ စိုက်ပျိုးခြင်းနှင့် ရေစီးရေလာ ကောင်းမွန်ရေး ရေနုတ်မြောင်း အတွင်းရှိ အမှိုက်သရိုက်များနှင့် နုန်းသဲများ ဆယ်ယူရှင်းလင်းခြင်းများကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့်အပြင် မြို့ပေါ်ရပ်ကွက်များ၌ အမှိုက်ကင်းစင်ရေးအတွက် သန့်ရှင်းရေး ဝန်ထမ်းများက နေ့စဉ် အမှိုက်သိမ်းယာဉ်ဖြင့် သန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခြင်း၊ ရပ်ကွက်နေ ပြည်သူများ စနစ်တကျ အမှိုက် စွန့်ပစ်နိုင်ရန်အတွက် နေ့စဉ် အမှိုက်များ လိုက်လံသိမ်းဆည်းပေးခြင်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )