အင်းတော် နိုဝင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မဲဇာနည်းပညာပေး စင်တာနယ်မြေ အတွင်းရှိ အလယ်ဆိပ်ကျေးရွာ တောင်သူ ဦးဝင်းမောင်၏ စိုက်ခင်းအတွင်း CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားရှိသော ဆင်းဧကရီ-၃ မျိုးစေ့ထုတ် စိုက်ကွက်အား ယမန်နေ့က စံကွက် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဆင်းဧကရီ-၃ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်အား စံကွက်ရိတ်သိမ်းခဲ့ရာ အစိုထွက် တစ်ဧက အထွက်နှုန်း (၁၄၀) တင်းခန့် ခန့်မှန်း ထွက်ရှိမှာဖြစ်ကြောင်း၊ အင်းတော် မြို့နယ်အနေဖြင့် နည်းပညာပေး စင်တာအလိုက် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက်များကို စိုက်ပျိုးထားရှိရာ မိုးစပါး မျိုးစေ့ အမျိုးအစားများ အနေဖြင့် ဆင်းဧကရီ-၃၊ ဧရာမင်း၊ မှော်ဘီ မျိုးစပါးများအား မြို့နယ် အတွင်းတွင် ဧက (၅၅၀) စိုက်ပျိုး ထားရှိပါကြောင်း၊ မိုးစပါး မျိုးစေ့ထုတ်စိုက်ကွက်များအတွင်း မိုးစပါး မျိုးကောင်း မျိုးသန့်များရရှိ နိုင်ရေး၊ မျိုးစေ့ ထုတ်ကွက်များအတွင်း ရောဂါ၊ ပိုးမွှားများ ကျရောက်မှုမရှိစေရေး၊ ပေါင်းကင်းရှင်းရေးတို့ အတွက် ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးစပါး မျိုးစေ့ ထုတ်စိုက်ကွက် တောင်သူများအတွက် ထောက်ပံ့ ကြေးများကိုလည်း ထုတ်ပေးထား ရှိပြီးဖြစ်ပါကြောင်း၊ ဒေသခံတောင်သူများ အနေဖြင့် မိမိတို့၏ မိုးစပါးစိုက်ကွက်များအတွင်း နည်းပညာအကူအညီများ ရယူလိုပါက မြို့နယ်စိုက်ပျိုးရေး ဦးစီး ဌာနနှင့် ဆက်သွယ်၍ အကူအညီများ ရယူနိုင်ပါကြောင်း အင်းတော်မြို့နယ် စိုက်ပျိုးရေး ဦးစီး ဌာနမှူး ဦးသိန်းခိုင်က ပြောပြခဲ့သည်။
ခန့်ဇော်ပိုင်(မြို့နယ် ပြန်/ဆက်)