မင်းဘူး ဖေဖော်ဝါရီ ၁၈
လယ်ယာစိုက်ပျိုးရေးကို တစ်စိုက်မတ်မတ် ကြိုးစားကာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော တောင်သူလယ်သမားများသည် ခေတ်စနစ်နှင့်အညီ တိုးတက်လျက်ရှိပြီး လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းလုပ်ကိုင်၍ စပါးများအထွက်တိုးကာ နိုင်ငံတော်၏ စပါးကျီအတွင်း ဖြည့်တင်းလျက်ရှိပေသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထား စိုက်ပျိုးလုပ်ကိုင်သော နိုင်ငံဖြစ်သောကြောင့် နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းကျော် လူဦးရေသည် တောင်သူလယ်သမားများ ဖြစ်ကြပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အခြေပြု၍ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် ဆောင်ရွက်နေသော တောင်သူလယ်သမားတို့၏ ဘဝများ မြင့်မားစေရေးအတွက် နိုင်ငံတော်အစိုးရမှ ရှေးရိုးအစဉ်အလာဖြစ်သော လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲစိုက်ပျိုးစေခဲ့သည်။ မိုးရေသောက် စိုက်ပျိုးခြင်းအပြင် ရေသွင်း စိုက်ပျိုးရေးလုပ်ငန်းကို ချဲ့ထွင်စေလျက် ဆည်မြောင်းတာတမံများ တည်ဆောက်ပေးခြင်း၊ ဆိုလာစနစ် ရေတင်စိုက်ပျိုးစေခြင်း၊ မြေအောက်ရေများ တူးဖော်ပေးခြင်းများဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ခဲ့သည်။
ယခင် တစ်နှစ်လျှင် တစ်သီးစားစနစ်မှ ယခုအခါ နှစ်သီးစား၊ သုံးသီးစားနှင့် သီးထပ်၊ သီးညှပ်များလည်း စိုက်ပျိုးစေကာ အထွက်နှုန်းတိုးစေရန် မျိုးစေ့များကို ရွေးချယ်စိုက်ပျိုးစေပြီး၊ စိုက်ပျိုးသည့်နည်းစနစ်များ၊ မြေဆွေးနှင့် ဓာတ်မြေဩဇာများကို အချိုးကျ ထည့်သွင်းစိုက်ပျိုးပုံ နည်းများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများက စိုက်ပျိုးရေးရုံးများတွင်လည်းကောင်း၊ ကွင်းဆင်း၍သော်လည်းကောင်း ရှင်းလင်းပြသ၍ စိုက်ပျိုးစေခဲ့သည်။
ထို့အပြင် နိုင်ငံတော်အနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး တာဝန်များကို အမျိုးသားရေး ရည်မှန်းချက် တာဝန်တစ်ရပ်အဖြစ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး၊ တောင်သူလယ်သမားတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာကာ ရေမြင့်လျှင် ကြာတင့်ဆိုသည့်ပမာ နိုင်ငံ တော်ကြီး စည်ပင်သာယာဝပြောလာခဲ့သည်။
ထို့ကြောင့် လူများနှင့် ထွန်ယက်စိုက်ပျိုး ပျိုးနုတ်၊ ကောက်စိုက်၊ စပါးပင်များကို ရိတ်သိမ်း၊ ခြွေလှေ့နေသည့် နေရာများတွင် ခေတ်မီ စိုက်ပျိုးရေးကိရိယာများဖြစ်သော လက်တွန်းလယ်ထွန်စက်၊ ကောက်စိုက်စက်၊ စပါးရိတ်စက်၊ ခြွေလှေ့စက်၊ ရိတ်သိမ်း ခြွေလှေ့စက်နှင့် ထွန်စက်ကြီးအမျိုးမျိုးဖြင့် ထွန်ယက်စိုက်ပျိုးကာ ယခင် စိုက်ပျိုးသော စပါးမျိုးဟောင်းများအစား စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနတို့ ပူးပေါင်း၍ စမ်းသပ်ထုတ်လုပ်ထားသော ဆင်းသုခ-၁၊ ဆင်းသုခ-၂၊ ဆင်းသုခ-၃၊ ဆင်းသုခ-၄၊ ရွှေရည်တိုး၊ YMR-20 စပါးမျိုးများနှင့် သက်လတ် အထွက်နှုန်းကောင်း၊ မျိုးကောင်း မျိုးသန့်စပါးမျိုးများ ဖြစ်သော ဆာဖိုးသာ၊ ထိုင်းနှံကောက်နှင့် GW-11 စပါးမျိုးများကို စိုက်ပျိုးစေ၍ ယခင်က တစ်ဧကလျှင် စပါးတင်း ၆၀၊ ၇၀ သာ ထွက်သော်လည်း ယခုအခါ စပါးအထွက်နှုန်များ သိသိသာသာ တိုးတက်လာကာ တင်း ၉၀ မှ ၁၀၀၊ ၁၂၀ အထိ အထွက်တိုးပြီး နိုင်ငံတော်၏ စပါးကျီအတွင်း ထည့်သွင်း၍ ဖြည့်တင်းပေးလျက်ရှိပေသည်။
ဇေယျာထက်(မင်းဘူး)