မော်လမြိုင်ကျွန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

မော်လမြိုင်ကျွန်း    ဖေဖော်ဝါရီ     ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲကို အမှတ် (၁) ရပ်ကွက်၊ အမှတ် (၃) လမ်း၊ မဟာထူပါရုံ စေတီတော်မြတ်ကြီး၏ ဗိမ္မာန်တော်အတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မီးသတ်ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ဆွေဝင်း၊ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးမြင့်၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးမျိုးဇော်တို့က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မိမိတို့နေအိမ်တွင် အိမ်နှင့်ခြံဝင်းအတွင်း အမှိုက်သရိုက်များရှင်းလင်းဖယ်ရှားထားရန်၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊  လှေကားများ စနစ်တကျထားရှိရန်၊ မီးငြှိမ်းသတ်ရန် သီးသန့်ရေလှောင်ထားရန်၊ မီးသတ်ဆေးဘူးများလုံလောက်စွာဆောင်ထားရန်၊ မီးဖိုမှ မီးကြွင်း၊ မီးကျန်များစစ်ဆေးရန်၊ ဟောင်းနွမ်းနေသည့် လျှပ်စစ်ကြိုးများအသုံးမပြုရန်၊ မီးလောင်မှုဖြစ်ပွားပါကနီးစပ်ရာ မီးသတ်စခန်းသို့အကြောင်းကြားပေးရန်၊ အရေးပေါ်တယ်လီဖုန်းနံပါတ် ၁၉၁ ကိုဆက်သွယ်ရန်၊ မီးဖိုနှင့် အမိုး၊ နံရံအကြားအပူခံအကာအရံများထားရှိရန် စသည့်ဆောင်ရန်၊  ရှောင်ရန်များကို ရှင်းလင်းပြော ကြားဆွေးနွေးခဲ့ကာ ဒေသခံပြည်သူများ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ကြပြီး မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)