လှိုင်းဘွဲမြို့နယ်တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲ စာအောင်လက်မှတ်နှင့်စာအောင်ဆုချီးမြှင့်သည့် စူဠဆုနှင်းသဘင် အခမ်းအနားကျင်းပ

လှိုင်းဘွဲ   ဖေဖေါ်ဝါရီ ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မှုကြသည့် စာအောင်သံဃာတော်များအား စာအောင်လက်မှတ်နှင့်စာအောင်ဆုများ ဆက်ကပ်ချီးမြှင့်သည့် စူဠဆုနှင်းသဘင်အခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က မြို့မပရိယတ္တိ စာသင်တိုက်၌ကျင်းပခဲ့သည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒစရိယ၊ ဥဒေါင်း ကျောင်းဆရာတော် ဘဒ္ဒန္တခန္တီဝဏ္ဏထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ဆရာတော်မှ ဩဝါဒကထာ ချီးမြှင့်ခြင်းနှင့်ဆရာတော်/သံဃာတော်များထံ မေတ္တာသုတ် ပရိတ်တရားတော်များ နာယူခြင်း တို့ကို ဆောက်ရွက်ခဲ့သည်။ ထို့နောက် နိုင်ငံတော်ဩဝါဒစရိယ၊ ဥဒေါင်း ကျောင်းဆရာတော်အား ဓမ္မပူဇာဆက်ကပ်ခြင်း၊ အထူးပင့်ဆရာတော်နှင့်ကြီးကြပ်ရေး အဖွဲ့ဆရာတော်များအား လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း တို့ကိုဆောင်ရွက်ခဲ့ပြီး စာအောင်သံဃာတော် ပထမအလတ်တန်းတွင် (၂)ပါး၊ ပထမအငယ်တန်းတွင် (၄)ပါး၊ အခြေပြုမူလ တန်းတွင် (၂၁)ပါး စုစုပေါင်း (၂၇)ပါးအား စာအောင်လက်မှတ်နှင့် စာအောင်ဆုများအား ဆက်ကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ စေတနာရှင်၊ အလှူရှင်များက စာအောင်သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းခဲ့ပြီး လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေခြင်းတို့ကို ဆောင်ရွက် ခဲ့ကြကြောင်း သိရှိရသည်။

လင်းသန့်(ပြန်/ဆက်)