သရက်မြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကျင်းပ

သရက် ဖေဖော်ဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ခရိုင်ခန်းမ၌ ဆောင်ရွက်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲနှင့် ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၌ ၁၉၅၉ ခုနှစ် မတ်လ(၁၁)ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်း အက်ဥပဒေအမည်ဖြင့်ပြဌာန်းကာ အဆိုပါအက်ဥပဒေကို (၁၉၆၂)ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှာ စတင်အာဏာတည်ပြီး  ၂၀၁၀ ပြည့်နှစ်၌ နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ၁၉၅၉ ခုနှစ်၊ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေအမှတ် ၂၇/၂၀၁၀ဖြင့် ရုပ်သိမ်းခဲ့ပြီး ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ(၄)ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအသစ်ကိုထပ်မံပြဌာန်းခဲ့ပြီး အဆိုပါဥပဒေပုဒ်မ ၁(ခ)တွင် ဤဥပဒေသည်နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့် နေ့ရက်တွင် စတင်အာဏာတည်ရမည်ဟု ဖော်ပြထားသည်ဟု ပြောကြားပေးခဲ့သည်။

ထို့နောက် ခရိုင်ဥပဒေအရာရှိ ဒေါ်ယဉ်ယဉ်မြင့်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသူ၊ ပြည်သူ့စစ်မှုထမ်းကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရရှိသူများကို ပြောကြားရာမှာ စစ်မှုထမ်းရမည့် အသက်အရွယ်မှာ အမျိုးသားဖြစ်ပါက အသက်(၁၈)နှစ်ပြည့်ပြီး (၃၅)နှစ်ထက်မကျော်လွန်သူအမျိုးသမီးဖြစ်ပါက အသက်(၁၈)နှစ်ပြည့်ပြီး (၂၇)နှစ်မကျော်လွန်သူ၊ ကျွမ်းကျင်သူအမျိုးသားဖြစ်ပါက အသက်(၁၈)နှစ်မှ(၄၅)နှစ်အတွင်း အမျိုးသမီးဖြစ်ပါကအသက်(၁၈)နှစ်မှ(၃၅)နှစ်အတွင်းဖြစ်ကြောင်းနှင့် စစ်မှုထမ်းရမည်ကာလမှာ နိုင်ငံသားတိုင်း(၂၄)လဖြစ်ပြီး စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားများအနက် တပ်မတော်စက်မှုလက်မှု ပညာသည်များအဖြစ်အမှုထမ်းရန် ဆင့်ခေါ်ခြင်းခံရသူများမှာ (၃၆)လ ဖြစ်သည်။ နိုင်ငံတော်၏အရေးပေါ်အခြေအနေဖြစ်ပေါ်လျှင်အစိုးရအဖွဲ့သည်ပြည်သူ့စစ်မှုထမ်းရန်ကာလကို (၅)နှစ်အထိတိုးမြှင့်သတ်မှတ်နိုင်ကြောင်း ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်းသိရသည်။

ဇော်ထက်(သရက်)