တောင်တွင်းကြီး ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဇင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးသက်ခိုင်ထွန်း၊ မြို့နယ်ဥပဒေအရာရှိ ဦးအောင်ကျော်စိုးတို့က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မြို့နယ်အဆင့်ကော်မတီများ၊ ရပ်ကွက်ကျေးရွာအဆင့်ကော်မတီများ ဖွဲ့စည်းသွားမည့်အခြေအနေများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းစနစ်ကျင့်သုံးရသည့်အကြောင်းအရင်းများ၊ ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်သည်နှင့် ချက်ချင်းစစ်မှုထမ်းရန် ခေါ်ယူမည်မဟုတ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ စနစ်တကျရေးဆွဲပြီးချိန်မှသာ စစ်မှုထမ်းစနစ် စတင်မည်ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းရန် အသက်အရွယ်အကျုံးဝင်သူများကို အတင်းအဓမ္မခေါ်ယူ တာဝန်ထမ်းဆောင်စေမည်မဟုတ်ဘဲ ပညာသင်ကြားနေသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ မိအိုဖအိုပြုစုလုပ်ကျွေးနေသူများ၊ ဆေးကုသမှုခံယူနေသူများကို ယာယီရွှေ့ဆိုင်းပေးထားမည်ဖြစ်ကြောင်းနှင့် စိုးရိမ်ရန်မလိုပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ စုံညီစွာတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)