စေတုတ္တရာ ဖေဖော်ဝါရီ ၁၇
မကွေတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်စားများကို အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာနအစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၁)နာရီအချိန်က ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခြေခံစားသောက်ကုန်များထောက်ပံ့ပေးအပ်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးအပ်နေမှုအစရှိသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စား(၇၀)ဦးထံ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥ၊ ကုလားပဲတို့အားထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်စားတစ်ဦးမှ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်မှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
ဝင်းအိမွန်(ပြန်/ဆက်)