ပဲခူးမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၇

၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်(၂၇/၂၀၁၀)ဖြင့် ပြဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှစတင်၍ အာဏာတည်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲကို ယနေ့နံနက်(၈း၀၀)နာရီတွင် ပဲခူးမြို့၊ ဥဿာမြို့သစ်(၅)ရပ်ကွက်၊ သမိန်ဗရမ်းလမ်းမပေါ်ရှိ ပဲခူးခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ပဲခူးမြို့နယ်အတွင်းရှိ ဒေသခံမျိုးချစ်ပြည်သူများက သတ်မှတ်နေရာအသီးသီး၌ ပြည်သူ့စစ်မှုထမ်းဥပဒေကို အပြည့်အဝထောက်ခံကြိုဆိုပါသည်၊၊ “နိုင်ငံတော်အား ပြည်တွင်း/ ပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးတစ်မျိုးသားလုံး စစ်မှုထမ်းဆောင်ကြပါစို့၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်အတွက် တစ်မျိုးသားလုံး စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းဆောင်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်၊ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိနေဖို့ စစ်ပညာသင်ကြစို့” အစရှိသည့် ပိုစတာများကိုင်ဆောင်ပြီး ကွင်းအတွင်းနေရာယူခဲ့ကြသည်။

ယင်းနောက် မျိုးချစ်ပြည်သူများက နိုင်ငံတော်သီချင်းဖြင့် နိုင်ငံတော်အလံအား အလေးပြုကြပြီး “ပြည်သူ့စစ်မှုထမ်းဥပဒေကို အပြည့်အဝယုံကြည်ထောက်ခံပါကြောင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိနေဖို့ စစ်ပညာသင်ကြစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးကြပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေအား ကြိုဆိုထောက်ခံပါသည်ဟု တစ်ခဲနက် ဆန္ဒဖော်ထုတ်၍ ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြကြောင်း သိရသည်။ အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲသို့ ပဲခူးမြို့နယ်အတွင်းရှိ ဒေသခံမျိုးချစ်ပြည်သူ(၁၉၀၀)ဉီး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်)