မကွေး ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး ကုတင်(၅၀၀)ဆံ့ ဆေးရုံကြီးတွင် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အား အံပုံများအခမဲ့ တပ်ဆင်ပေးနေမှုကို ယနေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ် ထွန်းဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများက သွားရောက်၍ ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအတွက် သွားတု (အံပုံ) ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှု၍ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းသုံးဦးအား သွားတု (အံပုံ)များ ကိုယ်တိုင်တပ်ဆင်ပေးခဲ့ပြီး ဆရာဝန်ကြီးများနှင့်ဝန်ထမ်းများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားနိုင်ငံဝန်ထမ်းများအား အံပုံများ အခမဲ့တပ်ဆင်ပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင် (သွားကျန်မာ)နှင့် အဖွဲ့မှ ဦးစီး၍ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပူးပေါင်းကာ တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားနိုင်ငံဝန်ထမ်း စုစုပေါင်း ၄၅ ဦးကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှစတင်ပြီး ၁၈ ရက်နေ့အထိ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)