ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စဉ်ဆက်မပြတ်အားကစားလှုပ်ရှားမှု လူထုစုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ၊ နွေစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲနှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲတက်ရောက်

ဘားအံ ဖေဖော်ဝါရီ ၁၇

ကရင်ပြည်နယ်အတွင်း ဒေသအလိုက် အားကစားဖွံ့ဖြိုးတိုးတက်ရေး၊ လူတစ်ဦးချင်းစီ၏ ကျန်းမာရေးနှင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးမှသည် ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်စေရေးအတွက် ယနေ့နံနက် ၅ နာရီခွဲက ဘားအံမြို့၊ သီရိကွင်းရှေ့တွင် စုရပ်ပြုလုပ်၍ စဉ်ဆက်မပြတ်အားကစားလှုပ်ရှားမှုအနေဖြင့် ဖေဖော်ဝါရီလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပရာ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကား များပြားခဲ့သည်။

လူထုစုပေါင်းလမ်းလျှောက်ပွဲကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများများမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ စုစုပေါင်းအင်အား ၁၅၀၀ ကျော်ခန့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

 လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် စုရပ်ဖြစ်သည့် သီရိကွင်းရှေ့မှ သီရိလမ်း၊ ဆေးရုံလမ်း၊ တန်းမြင့် ကျောင်းလမ်း၊ ဗိုလ်ချုပ်လမ်း၊ မင်းတန်းလမ်း၊ ကမ်းနားလမ်း၊ ပိတောက်လမ်းမှတစ်ဆင့် သီရိလမ်းအတိုင်း သီရိကွင်းအတွင်းသို့ ပြန်လည် ဝင်ရောက်၍ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး သီရိကွင်းအတွင်း၌ တစ်ဦးနှင့်တစ်ဦး ရှေ့၊ နောက်၊ ဘယ်၊ ညာ (၆)ပေအကွာ အနေအထားဖြင့် အကြောလျှော့ လေ့ကျင့်ခန်း များဆောင်ရွက်ကာ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအစီအစဉ် အတွဲအမှတ်(၁)နှင့် အမှတ်(၂) တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

စဉ်ဆက်မပြတ်အားကစားလှုပ်ရှားမှု လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းပါဝင်ဆောင်ရွက်သူများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ကောက်ညှင်းပေါင်း၊ အကြော်စုံတို့ဖြင့် နံနက်စာကို တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တောင်သူများအနေဖြင့် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းနည်းစနစ်များ၊ အကျိုးရလဒ် များကို လေ့လာမှတ်သားနိုင်ရန်နှင့် ကိုယ်တိုင်လယ်ယာမြေများတွင် ပြန်လည်အသုံးပြုနိုင်စေရေး အတွက် ကရင်ပြည်နယ်စက်မှု လယ်ယာဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ နွေစပါး ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲနှင့် ယူရီးယားနှင့် သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့နယ်၊ ရေကျော်(မကျီးကျွန်း)ကျေးရွာ ကွင်းအမှတ် ၉၉၅/၉၉၃/ခ တောင်သူဦးရှမ်းပုပါ ၁၄ ဦး၏ နွေစပါး ဧက ၁၀၀ စိုက်ခင်း၌ ကျင်းပခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တောင်သူလယ်သမားအကျိုးစီးပွား မြှင့်တင်ရေးနှင့် အခွင့်အရေးကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်အားပေးကူညီသွားမည် ဖြစ်သကဲ့သို့ ဒေသခံတောင်သူများအနေဖြင့်လည်း မိမိဒေသ၊ မိမိပြည်နယ်ဖွံ့ဖြိုးတိုးတက်လာစေရန် ကျရာအခန်းကဏ္ဍမှ အားသွန်ခွန်စိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နွေစပါးစိုက်တောင်သူတစ်ဦးက ကောက်စိုက်စက်ဖြင့်နွေစပါးစိုက်ပျိုးခြင်းလုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ရေကျော်ကြီး၊ ရေကျော်လေး၊ မကျီကျွန်းကျေးရွာများမှ နွေစပါးစိုက်တောင်သူများအား ယူရီးယားဓါတ်မြေဩဇာ ၂၀ အိတ်နှင့် သဘာဝမြေဩဇာ ၃၀ အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တက်ရောက်လာသောတောင်သူများသည် ဘားအံမြို့၊ အမှတ်(၂၀)စက်မှုလယ်ယာ စခန်းမှ ကူဘိုတာ ခြောက်တန်းသွားကောက်စိုက်စက်(၃)စီး၊ လက်ဆွဲကောက်စိုက်စက်(၂)စီးတို့ဖြင့် နွေစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးခဲ့ကြပြီး ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကျော်-မကျီးကျွန်းကျေးရွာအုပ်စု၊ ကျုံကသွန်တောင် ကွင်းနှင့်ရေကျော်အနောက်ကွင်းတို့တွင် ပြည်နယ်အစိုးရဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လက်မှုလယ်ယာ မှစက်မှုလယ်ယာသို့ကူးပြောင်းရာ၌ အဓိကအခြေခံကျသည့် လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းဧက (၃၀၀)ဖော်ထုတ် သည့်လုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်း ဆောင်၌ စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ခွင့်ပြုရန်ပုံငွေကျပ်(၁၈၀)သန်းဖြင့် မိုးတက်လမ်းကုမ္ပဏီမှ တောင်သူ(၃၅)ဦး၏ စိုက်ပျိုးမြေဧက(၃၀၀)အား လယ်ယာသုံးစက်ကိရိယာများ စက်စွမ်းအားပြည့်ဆောင်ရွက်နိုင်ရန် လယ်ယာမြေအဆင့်မြှင့်တင်ပေးနေမှု၊ ရေသွင်းမြောင်း၊ ရေနုတ်မြောင်းများ၊ ကုန်ထုတ်လမ်းများ ထည့်သွင်းဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ ယာဉ်ယန္တရားများဖြင့်လယ်ယာမြေအဆင့်မြှင့်တင်ပေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကျော်ကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ Grade-6 ၊ Grade-7၊ Grade-8 ကျောင်းသား၊ကျောင်းသူများ နှစ်ဆုံးစာမေးပွဲဖြေဆိုနေမှု၊ စာသင်ခန်း၊ စာသင်ဆောင်၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးကာ အထွေထွေအသုံးစရိတ်ငွေကျပ် (၃)သိန်း ကို ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှေးဟောင်းသမိုင်းဝင်ကျိုက်ပတိုင်ကျောင်းဆရာတော် ဘဒ္ဒန္တသုမနအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများ လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း၍ အဆိုပါ ကျောင်းတိုက်ပရိဝုဏ်အတွင်းရှိ စေတီတော်နှင့် ပြန်လည်ပြုပြင်မွမ်းမံလျက်ရှိသော သိမ်တော်ကြီးတို့အား လှည့်လည်ကြည့်ရှုဖူးမြော်ခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)