ရေစကြို ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ယနေ့နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးစိုးမြင့်ထွန်းက ပြည်သူ့စစ်မှုထမ်းဆိုင်ရာဥပဒေပြဌာန်းချက်များနှင့်ပတ်သက်၍ပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်း၏ ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ရန်ကာလစသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ်ဥပဒေအရာရှိ ဦးသန့်ဇင်အောင်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် ဥပဒေပါအဓိပ္ပါယ်ဖော်ပြချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဝင်းက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
မောင်လုလင် (ရေစကြို)