ကျောက်တံခါးမြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံ အသီးသီး၌ ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၃၈)ဦးဆေးရုံမှဆင်းခွင့်ရရှိ

ကျောက်တံခါး နိုဝင်ဘာ    ၂

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ အောင်မြင်တိုက်နယ်ဆေးရုံ၊ ပဲနွယ်ကုန်းတိုက်နယ်ဆေးရုံ၊ ဖဒိုတိုက်နယ်ဆေးရုံ၊ အ.ထ.က (ကျောက်တံခါး) ဆေးကုသရေးစင်တာတို့တွင် ဆေးကုသမှု ခံယူ နေသော ကိုဗစ်-၁၉ပိုးတွေ့ လူနာပေါင်း (၃၈)ဦးသည် ယမန်​နေ့က ဆေးရုံဆင်းခွင့်ရရှိ၍ နေအိမ် အသီးသီးသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ဆေးရုံဆင်းခွင့်ရရှိသူ (၃၈)ဦးသည် အောက်တိုဘာ၂၂ရက်နှင့် ၂၃ရက်က ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့၍ ဆေးကုသမှု ခံယူခဲ့ပြီး ယခုအခါတွင် ဆေးရုံဆင်းခွင့်ရရှိပြီဖြစ်၍ မိမိတို့နေအိမ်တွင် (၇)ရက် ဆက်လက်စောင့်ကြည့် နေထိုင်သွားကြရန် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်လွင်နှင့် တိုက်နယ်ဆေးရုံဆရာဝန်များက ဆေးရုံဆင်းလူနာများအား အသီးသီးမှာကြားကာ စေတနာရှင်များ လှူဒါန်းမှုနှင့် ကျန်းမာရေးဌာနက ကူညီထောက်ပံ့ပေးသော အဟာပြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြပြီး ဆေးရုံမှ မော်တော်ယာဉ်များ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့မှ မော်တော်ယာဉ် များဖြင့် နေအိမ်အရောက်ပို့ဆောင်ပေးခဲ့ကြသည်။

ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာပေါင်း (၁၆၃)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ပေါင်း (၁၄၀)ဦးနှင့် လက်ရှိ ဆေးကုသမှုခံယူ နေသူပေါင်း (၂၃)ဦးသာကျန်ရှိကြောင်းမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှုးရုံးမှသိရသည်။

စန်းစန်း(ပြန်/ဆက်)