ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်းဆောင်ရွက်

ဟင်္သာတ ဖေဖော်ဝါရီ ၁၇

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းအသိပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်၍ ဧရာဝတီတိုင်းဒေသကြီးနယ်မြေ၊ ခရိုင်(၇)ခုရှိ မြို့နယ်(၄)မြို့တို့တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်းအစီအစဉ်အား တစ်ပြိုင်တည်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီတွင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။

အဆိုပါအခမ်းအနားတွင် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ ရွေးကောက်ပွဲကျင်းပရသည့် ရည်ရွယ်ချက်များ၊ တိကျမြန်ဆန်မှုရှိသည့်အခြေအနေများ၊ ပြည်သူများ တိတိကျကျနားလည်သဘောပေါက်မှုရှိစေရန် အသိပညာပေးရမည့်အခြေအနေများအား အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟင်္သာတခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ကျော်မိုးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကို အသုံးပြု၍ မဲပေးမှုအခြေအနေအဆင့်ဆင့်အား PowerPoint presentation ဖြင့် ရှင်းလင်းပြောကြားခဲ့ပါ သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဟင်္သာတမြို့နယ်မှ နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၊ ဟင်္သာတမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု (၁၃၂)မှ မဲဆန္ဒရှင်ပြည်သူစုစုပေါင်း (၇၃၂)ဦး တက်ရောက်ကာ လက်တွေ့စမ်းသပ်မဲပေးလေ့လာခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများက ရှင်းလင်းပြသကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)