စေတုတ္တရာမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

စေတုတ္တရာ ဖေဖော်ဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ထို့နောက် ပြည်သူ့စစ်ဥပဒေဆိုင်ရာ ဆွေးနွေးခြင်းအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ၌ ၁၉၅၉ ခုနှစ် မတ်လ(၁၁)ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်း အက်ဥပဒေအမည်ဖြင့် ပြဋ္ဌာန်းကာ အဆိုပါအက်ဥပဒေကို (၁၉၆၂) ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှာ စတင်အာဏာတည်ပြီး၊ ၂၀၁၀ ပြည့်နှစ်၌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၁၉၅၉ ခုနှစ်၊ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ရုပ်သိမ်းခဲ့ပြီး ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ(၄)ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအသစ်ကို ထပ်မံပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေပုဒ်မ ၁(ခ)တွင် ဤဥပဒေသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင်အာဏာတည်ရမည်ဟု ဖော်ပြထားသည်ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဒေါ်ထိုက်ထိုက်ဝေက ပြည်သူ့စစ်မှုထမ်းဆိုင်ရာဥပဒေနှင့် ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းရန် ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူအမျိုးသားသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်၊ အမျိုးသမီး အသက် ၁၈ နှစ်မှ ၂၇ နှစ်၊ ကျွမ်းကျင်သူအမျိုးသား  အသက် ၁၈ နှစ်မှ ၄၅ နှစ်ထိ၊ ကျွမ်းကျင်သူအမျိုးသမီး အသက် ၁၈ နှစ်မှ ၃၅ နှစ်၊ ကျွမ်းကျင်သူဆိုသည်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာတတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများကို ဆိုလိုခြင်းဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များအစရှိသည်တို့ကို ဆွေးနွေးပြောကြားသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပဒေဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)