မင်းဘူးမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မင်းဘူး ဖေဖော်ဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အမိန့်ကြော်ငြာစာများ၊ အသိပေးထုတ်ပြန်ချက်များနှင့်ပတ်သက်၍ ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရန် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မင်းပူး ဦးဩဘာသ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး မင်းဘူးခရိုင် ဥပဒေအရာရှိ ဒေါ်ခင်ခင်သက်မှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပြောကြားကာ တက်ရောက်လာကြသူများ၏ သိရှိလိုသော မေးမြန်းချက်များကို ပြန်လည်ဆွေးနွေးခဲ့ပြီးနောက် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြည်သူ့စစ်မှုထမ်းအက်ဥပဒေ စတင်ပြဋ္ဌာန်းခြင်း၊ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေ စတင်အာဏာတည်ခြင်း၊ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေကို ရုပ်သိမ်းပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအသစ်ကို ထပ်မံပြဌာန်းခြင်း၊ ယခုလက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်သည့်နေ့သတ်မှတ်ခြင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်နှင့် သတ်မှတ်ချက်အဆင့်ဆင့်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်များ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး မြို့နယ်အဖွဲ့၏ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ၊ ဗဟိုအဖွဲ့မှ ပြည်သူ့စစ်မှုထမ်း ဆောင်ရွက်ရမည့်သူများအား ယာယီရွှေ့ဆိုင်းနိုင်သည့်အချက်များ၊ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရသူများ၊ ပြစ်မှုနှင့်ပြစ်ဒဏ်ဥပဒေပုဒ်မများ၊ လုပ်ထုံးလုပ်နည်း ဥပဒေပုဒ်မနှင့် နည်းဥပဒေပုဒ်မများ စသည့် အကြောင်းအရာများကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)