စလင်း ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ပတ္တမြားအစည်းအဝေးခန်းမဆောင်၌ ယနေ့နံနက်(၁၀)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေလင်းနိုင်က ပြည်သူစစ်မှုထမ်းဥပဒေဆိုင်ရာများ ဆွေးနွေးပွဲပြုလုပ်ရခြင်းအကြောင်းများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးထင်လင်းအောင်က ပြည်သူ့စစ်မှုထမ်းဆိုင်ရာများ၊ ဗိုလ်မှူးမိုးဝေယံမြင့်က မိတ်ဆက်စကားပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ရဲမှူးအောင်သူက ပြည်သူ့စစ်မှုထမ်းဆိုင်ရာများနှင့် လုံခြုံရေးကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိဦးရန်အောင်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများမှ အကျယ်တဝင့်ဆွေးနွေးခဲ့ရာ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူအမျိုးသား အသက်(၁၈)နှစ်မှ(၃၅)နှစ်နှင့် အမျိုးသမီးအသက်(၁၈)နှစ်မှ(၂၇)နှစ်ဖြစ်ပြီး ကျွမ်းကျင်သူဆိုသည့်အဓိပ္ပာယ်အားရှင်းလင်းရာ ဥပမာ ဆရာဝန်၊ အင်ဂျင်နီယာ စက်မှုလက်မှုပညာတတ်မြောက်သူ(သို့မဟုတ်)အခြားပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများကိုဆိုလိုရင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်သူ့စစ်မှုထမ်းရန်ကာလအားရှင်းလင်းရာ စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်ရှိသော နိုင်ငံသားတိုင်း(၂၄)လစစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားများအနက် တပ်မတော်စက်မှုလက်မှုပညာသည်များအဖြစ် အမှုထမ်းရန်ဆင့်ခေါ်ခြင်းခံရသူများ(၃၆)လ၊ စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်ရှိသော ကျွမ်းကျင်သူများ(၃၆)လ၊ နိုင်ငံတော်တွင် အရေးပေါ်အခြေအနေဖြစ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန်ကာလကို(၅)နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်သည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ ပြည်သူအများစိုးရိမ်ရန်မလိုသိရှိနိုင်စေရန် ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းလိုက်သည်နှင့်ချက်ချင်းစစ်မှုထမ်းရန်ခေါ်မည်မဟုတ် ပြည်သူ့စစ်မှုထမ်းဥပဒေများစနစ်တကျရေးဆွဲပြီးချိန်မှသာ စစ်မှုထမ်းစနစ်စတင်မည်ဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းရန် အသက်အရွယ်အကျုံးဝင်သူများကို အတင်းအဓမ္မခေါ်ယူတာဝန်ခိုင်းစေခြင်းမဟုတ်ဘဲ ပညာသင်ကြားနေသူများ၊ နိုင်ငံဝန်ထမ်းများ၊ မိအိုဖအိုလုပ်ကျွေးနေသူများ ဆေးကုသခံနေသူများကို ယာယီရွှေ့ဆိုင်းပေးထားကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းမှကင်းလွတ်ခွင့်ပြုသူများဖြစ်သည့် သာသနာ့ဝန်ထမ်းများ အိမ်ထောင်သည်အမျိုးသမီးများ၊ အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူအမျိုးသမီးများ၊ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ၊ တပ်မတော်ဆေးစစ်ဆေးရေး ဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန်အမြဲတမ်းမသင့်လျော်သူများဖြစ်ကြောင်း သတ်မှတ်ထားသူများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုသူများဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြသည့်ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ သိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ကာ လိုအပ်သည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
(မောင်လွင်)စလင်း