ရေနံချောင်း ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာနှင့်ပတ်သက်၍ ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ပူးပေါင်းပါဝင်လာစေရန် ယခုလို ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်ချစ်စုအိမ်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတ်မှတ်ထားသော အသက်အရွယ်များ၊ အချိန်ကာလကြာမြင့်ချိန်၊ ကင်းလွတ်ခွင့်ပြုနိုင်သည့် လူပုဂ္ဂိုလ်ဆိုင်ရာအချက်အလက်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းများကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးသန်းဌေး၊ ဦးတင်အောင်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးတင်အောင်ကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်တို့နှင့် အမှတ်(၇၇)ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီးအာကာဦးတို့က သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက်ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)