အထက်မင်းလှ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမြတ်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးစိုးခိုင်၊ မြို့နယ်ဥပဒေအရာရှိ ဦးကျော်ဇင်ထွန်းတို့က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ မြို့နယ်အဆင့်ကော်မတီများ၊ ရပ်ကွက်ကျေးရွာအဆင့် ကော်မတီများ ဖွဲ့စည်းသွားမည့်အခြေအနေများ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေပါပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းစနစ် ကျင့်သုံးရသည့်အကြောင်းအရင်းများ၊ ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်သည်နှင့် ချက်ချင်းစစ်မှုထမ်းရန်ခေါ်ယူမည်မဟုတ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ စနစ်တကျရေးဆွဲပြီးချိန်မှသာ စစ်မှုထမ်းစနစ်စတင်မည် ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းရန် အသက်အရွယ်အကျုံးဝင်သူများကို အတင်းအဓမ္မခေါ်ယူ တာဝန်ထမ်းဆောင်စေမည်မဟုတ်ဘဲ ပညာသင်ကြားနေသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ မိအိုဖအို ပြုစုလုပ်ကျွေးနေသူများ၊ဆေးကုသမှုခံယူနေသူများကို ယာယီရွှေ့ ဆိုင်းပေးထားမည်ဖြစ်ပါကြောင်းနှင့် စိုးရိမ်ရန်မလိုပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)