အောင်လံ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က စမ်းချောင်းရပ်ကွက် အ-ထ-က(၁)ကျောင်း ရွှေရတုခန်းမတွင် ဆောင်ရွက်ခဲ့ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများနှင့် ပြည်သူများတက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းက အဖွင့်အမှာစကား ပြောကြားပြီး အောင်လံခရိုင် ဥပဒေအရာရှိ ဦးဆန်းဝင်းက ပြည်သူ့စစ်မှုထမ်းဆိုင်ရာဥပဒေနှင့် ပတ်သက်၍ စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်ရှိသူ၊ ပြည်သူ့စစ်မှုထမ်းကာလ၊ ပြည်သူ့ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရရှိသူများကို ပြောကြားရာတွင် စစ်မှုထမ်းရမည့်အသက်အရွယ်မှာ အမျိုးသားဖြစ်ပါက အသက်(၁၈)နှစ်ပြည့်ပြီး (၃၅)နှစ်ထက်မကျော်လွန်သူ၊ အမျိုးသမီးဖြစ်ပါက အသက်(၁၈)နှစ်ပြည့်ပြီး (၂၇)နှစ်မကျော်လွန်သူ၊ ကျွမ်းကျင်သူအမျိုးသားဖြစ်ပါက အသက် (၁၈)နှစ်မှ (၄၅)နှစ်အတွင်း အမျိုးသမီးဖြစ်ပါက အသက်(၁၈)နှစ်မှ(၃၅)အတွင်းဖြစ်ကြောင်းနှင့် စစ်မှုထမ်းရမည့်ကာလမှာ နိုင်ငံသားတိုင်း(၂၄)လဖြစ်ပြီး စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်ရှိသော နိုင်ငံသားများအနက် တပ်မတော်စက်မှုလက်မှု ပညာသည်များအဖြစ် အမှုထမ်းရန် ဆင့်ခေါ်ခြင်းခံရသူများမှာ(၃၆)လဖြစ်သည်၊ နိုင်ငံတော်၏အရေးပေါ်အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည်ပြည်သူ့စစ်မှုထမ်းရန်ကာလကို (၅)နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)