ပဲခူး ဖေဖော်ဝါရီ ၁၇
ပဲခူးတက္ကသိုလ် စုဝေးခန်းမ၌ ဖေဖော်ဝါရီလ(၁၇)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတက္ကသိုလ်၏ ဒသမအကြိမ်မြောက် ဘွဲ့နှင်းသဘင်ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ်နှင့် စီမံခန့်ခွဲရေး၊ ပညာရေးအဖွဲ့ဝင်များက စင်မြင့်ပေါ်သို့ တက်ရောက်နေရာယူကြပြီး တေးဂီတအဖွဲ့မှ အမျိုးသားသီချင်း တီးမှုတ်ဖျော်ဖြေကြသည်။ ထို့နောက် ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်မှ ဘွဲ့ယူမည့်ကျောင်းသား/ကျောင်းသူများကို မေးခွန်းများမေးမြန်းပြီး ပဲခူးတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သက်ဆိုင်ရာဘာသာရပ်အလိုက် ဖြေဆိုအောင်မြင်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဘွဲ့လက်မှတ်များ အပ်နှင်းပေးအပ်သည်။
ယင်းနောက် ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်က ယနေ့သည် မောင်တို့မယ်တို့ရဲ့ဘဝမှာ မမေ့နိုင်တဲ့ ထူးခြားတဲ့ မှတ်တိုင်တစ်ခုထူနိုင်တဲ့နေ့ဖြစ်သလို ပဲခူးတက္ကသိုလ်ရဲ့ သမိုင်းမှာလည်း အောင်မြင်မှုတစ်ခုအဖြစ် မှတ်တမ်းတင်ရမည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ ပဲခူးတက္ကသိုလ်ကို ၂၀၁၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ်ရဲ့ ဆယ်စုနှစ်ကျော်သက်တမ်းမှာ မဟာဝိဇ္ဇာ၊ မဟာသိပ္ပံဘွဲ့(၃၉၂)ဦး၊ ဝိဇ္ဇာ၊ သိပ္ပံဂုဏ်ထူးဘွဲ့(၄၈၀)ဦး၊ ရိုးရိုးဘွဲ့(၈၁၃၅)ဦး မွေးထုတ်ပေးခဲ့ပြီး ယနေ့အချိန်မှာ အထူးပြုဘာသာရပ်(၁၄)ခုကို သင်ကြားပေးလျက်ရှိကြောင်း၊ ပဲခူးတက္ကသိုလ်အနေဖြင့် ကျောင်းသား၊ ကျောင်းသူအရည်အသွေး (Students Quality)မြင့်မားရေးကို အဓိကထားပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ပညာရေးအဆင့်အတန်းဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်အကြီးအကဲများက ဘက်ပေါင်းစုံမှ နည်းလမ်းရှာ ပံ့ပိုးပေးလျက်ရှိကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲရေးမှာ ပဓာနအကျဆုံးဖြစ်တဲ့ မူဝါဒမူဘောင်တစ်ခုကို နိုင်ငံတော်ရဲ့ ပကတိအခြေအနေနဲ့ လိုက်လျောညီထွေရှိပြီး နိုင်ငံတကာ ပညာရေးစံနှုန်းများနဲ့ကိုက်ညီစွာ ချမှတ်နိုင်ဖို့ကြိုးပမ်းနေတာ အားလုံးအသိပဲဖြစ်ကြောင်း၊ ဘွဲ့ရမောင်မယ်အပေါင်းတို့ အနေဖြင့် "ပညာယအတ္တံဇာနာတိ"ဆိုတဲ့ ပဲခူးတက္ကသိုလ်ရဲ့ ဆောင်ပုဒ်နှင့်အညီ ပညာဖြင့် အနက်ကိုသိ၏ ဆိုတဲ့အတိုင်း မိမိတတ်မြောက်ထားတဲ့ပညာနဲ့ နိုင်ငံအကျိုး၊ လူမျိုးအကျိုးကို အစွမ်းရှိသမျှဆောင်ရွက်ပေးကြပါ၊ လေ့လာသင်ယူမှုကို တက္ကသိုလ်မှာ ပင်မပြီးဆုံးသွားပဲ တစ်သက်တာ သင်ယူသူများဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုကြောင်း၊ မောင်တို့မယ်တို့ဟာ အနာဂတ်ကာလရဲ့ စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ကျော်လွှားနိုင်စေမည့် ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုတဲ့ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံထူးချွန်ထက်မြက်သော အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်လာအောင် သက်ဆိုင်ရာပါမောက္ခများ၊ ဆရာ၊ ဆရာမများက ပြုစုပျိုးထောင် လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ တက္ကသိုလ်မှရရှိခဲ့တဲ့ စိတ်ဓာတ်ရင့်ကျက်မှု၊ စည်းကမ်းသေဝပ်မှု၊ ပညာရည်ပြည့်ဝမှုတို့ကို နိုင်ငံ့တာဝန်များထမ်းဆောင်ရာမှာ ပြန်လည်အသုံးချရင်း မိမိတက္ကသိုလ်ရဲ့ဂုဏ်သိက္ခာကို မြှင့်တင်ကြရန်လိုကြောင်း မိန့်ခွန့်ပြောကြားပြီး ဘွဲ့နှင်းသဘင်အခမ်းအနားရုတ်သိမ်းကာ ပါမောက္ခချုပ်နှင့် စီမံခန့်ခွဲရေး၊ ပညာရေးအဖွဲ့ဝင်များက ဦးဆောင်၍ ဘွဲ့ရမောင်မယ်များ ဘွဲ့နှင်းသဘင်ခန်းမအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပဲခူးတက္ကသိုလ်၌ ဒသမအကြိမ်မြောက် ဘွဲ့နှင်းသဘင်ပေးအပ်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ(၁၇)ရက်နေ့မှ (၁၈)ရက်နေ့အထိ ပဲခူးတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (နေ့သင်တန်း) မဟာသိပ္ပံဘွဲ့(၁၁)ဦး၊ မဟာဝိဇ္ဇာဘွဲ့(၂)ဦး၊ သိပ္ပံဂုဏ်ထူးဘွဲ့(၁၄)ဦး၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့(၁၃)ဦး၊ ဝိဇ္ဇာဘွဲ့(၂၄၁)ဦး၊ သိပ္ပံဘွဲ့(၅၉၁)ဦး၊ စုစုပေါင်းဘွဲ့ရရှိသူ(၈၇၂)ဦးအား ဘွဲ့လက်မှတ်များ ပေးအပ်သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလ (၂၄)ရက်နေ့နှင့် (၂၅)ရက်နေ့တို့တွင် ပဲခူးတက္ကသိုလ် ဒုတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်ပေးအပ်ပွဲ၌ ၂၀၂၃ ပညာသင်နှစ် (အဝေးသင်သင်တန်း) ဝိဇ္ဇာဘွဲ့ရရှိသူ(၇၆၃)ဦး၊ သိပ္ပံဘွဲ့ရရှိသူ(၃၁၉)ဦး၊ စုစုပေါင်းဘွဲ့ရရှိသူ (၁၀၈၂)ဦးတို့အား ဘွဲ့များပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)