မင်းတုန်း ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းက ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းထားရှိမှုနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားရာ ၂၀၁၀ပြည့်နှစ် နိုဝင်ဘာလ(၄)ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေအသစ်ကို ပြဌာန်းခဲ့ရာ အဆိုပါဥပဒေပုဒ်မ ၁(ခ)တွင် ဤဥပဒေသည် နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့် နေ့ရက်တွင် စတင်အာဏာတည်ရမည်ဟု ဖော်ပြထားသည်ဟု ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြည်သူ့စစ်မှုထမ်းဥပဒေ၏ အကျိုးသက်ရောက်မှုများ၊ ပြည်သူ့ စစ်မှုထမ်း ကင်းလွတ်ခွင့် ရရှိသူများနှင့် ပြည်သူ့စစ်မှုထမ်းသူ၏ ခံစားခွင့်များ ဆွေးနွေးခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်ခိုင်မြတ်နိုးလွင်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသူ၊ ပြည်သူ့စစ်မှုထမ်းကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရရှိသူများကို ပြောကြားရာမှာ စစ်မှုထမ်းရမည့် အသက်အရွယ်မှာ အမျိုးသားဖြစ်ပါက အသက်(၁၈)နှစ်ပြည့်ပြီး (၃၅)နှစ်ထက်မကျော်လွန်သူ၊ အမျိုးသမီး ဖြစ်ပါက အသက် (၁၈)နှစ်ပြည့်ပြီး (၂၇)နှစ်မကျော်လွန်သူ၊ ကျွမ်းကျင်သူအမျိုးသားဖြစ်ပါက အသက်(၁၈)နှစ်မှ (၄၅)နှစ်အတွင်း၊ အမျိုးသမီးဖြစ်ပါက အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း ဖြစ်ကြောင်းနှင့် စစ်မှုထမ်းရမည့်ကာလမှာ နိုင်ငံသားတိုင်း(၂၄)လ ဖြစ်ပြီး စစ်မှုထမ်းရမည့် အသက်အရွယ် ရောက်ရှိသော နိုင်ငံသားများအနက် တပ်မတော်စက်မှုလက်မှု ပညာသည်များအဖြစ်အမှုထမ်းရန် ဆင့်ခေါ်ခြင်းခံရသူများမှာ(၃၆)လ၊ နိုင်ငံတော်၏ အရေးပေါ်အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန် ကာလကို (၅)နှစ်အထိတိုးမြှင့် သတ်မှတ်နိုင်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့သည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုရာဆွေးနွေးပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)