အိမ်မဲ ဖေဖော်ဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ခေတ္တ) ဥက္ကဋ္ဌ ဗိုလ်မှူးအောင်သွင်စိုးနှင့်အဖွဲ့ဝင်များက အဖွင့်အမှာစကားပြောကြားရာ၌ မြို့နယ်အတွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မီးဘေးအန္တရာယ်ဆိုင်ရာကိစ္စများ၊ စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေးဆိုင်ရာကိစ္စများနှင့် အထက်ဌာန အဆင့်ဆင့်၏ညွှန်ကြားချက်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက်တက်ရောက်လာသည့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက မိမိတို့ဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေးနွေးခြင်းနှင့်သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီးရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆက်လက်ဆွေးနွေးခဲ့ကြသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)