မြို့သစ် ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့သစ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသီဟအောင်က ပြည်သူ့စစ်မှုထမ်း ဥပဒေသမိုင်းကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်၊ ပြည်သူ့ စစ်မှုထမ်းအဆင့်ဆင့်ဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်(၇)ရပ်၊ ပြည်သူ့စစ်မှုထမ်းရန်ဆင့်ခေါ်ရာတွင်ပျက်ကွက် သူများအတွက် ပြစ်မှုပြစ်ဒဏ်များနှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေပါအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသိန်းလင်းက ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းခြင်းကြောင့် ပြည်ပသို့အလုပ် လုပ် ကိုင်ရန်သွားရောက်မည့်သူများ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ၊ ပညာသင်ကြားနေသူများ၊ နေ့စားအလုပ်သမားများနှင့် ပြည်သူများ စိုးရိမ်ပူပန်မှုဖြစ်စေရန် ကောလဟာလသတင်းများ ထွက်ပေါ်နေမှုအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာမြို့နယ် ဥပဒေအရာရှိဒေါ်နှင်းယုထွေးက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)