ဂန့်ဂေါ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အကြောင်းအရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျောတိုက်ရပ်ကွက်ရှိ မြစ်သာခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါဆွေနွေးပွဲတွင် ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်သည်နှင့် ချက်ချင်းစစ်မှုထမ်းရန် ခေါ်ယူမည်မဟုတ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ စနစ်တကျ ရေးဆွဲပြီးချိန်မှသာ စစ်မှုထမ်းစနစ်စတင်မည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပြီး ခရိုင်ဥပဒေအရာရှိ ဦးကျော်ကျော်လင်းက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြား သတ်မှတ်ထားမှုနှင့် စစ်မှုထမ်းဆောင်ရန် အချိန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များစသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဂန့်ဂေါမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းနိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသည့်အချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း(၆၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)