ပုသိမ် နိုဝင်ဘာ ၂
ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်သော်လည်း ပုသိမ်မြို့နယ်၊ အမှတ် ၁၀ နယ်မြေ၊ စက်ကုန်းရပ်တွင် တိုင်ထောင်ပဲ စိုက်ပျိုးရေးလုပ်ငန်းဖြင့် မိသားစုဝင်ငွေရရှိအောင် စိုက်ပျိုးရောင်းချ လျက်ရှိသော ဦးအောင်ကြည် မိသားစုတို့မှ နေ့စဉ် မိသားစုဝင်ငွေရရှိနေကြောင်းသိရသည်။
စိုက်ဧက တစ်ဧကအတွင်း ပဲတောင့်ရှည်များကို မစိုက်မီ မြေကြီးကိုညီညာစွာပြုလုပ်၍ မြောင်းပုံစံ တူးကာ မြေသြဇာအဖြစ် ကြက်ချေး၊ ငုံးချေး၊ ဆန်စက်မှထွက်ရှိသောစပါးခွံအမှုန့်တို့ကို ရောစပ်ကာ မြေသြဇာအဖြစ် ထည့်သွင်းစိုက်ပျိုးခြင်းဖြစ်ကြောင်း၊ အစေ့ချစိုက်ပျိုးရာတွင် အပင်များကို တစ်ပေခွဲ ခန့်စီခြား၍ စိုက်ပျိုးကာ မြောင်းအရှည်ပေ ၃၀ ခန့်တွင် အပင်အရေ အတွက် ၆၀ ခန့် စိုက်ပျိုးရကြောင်း၊ အပင်များ ၄၅ ရက်ခန့် ကြာလျှင် အသီးစတင်သီးပြီဖြစ်ကာ တစ်လခွဲခန့်တွင် အသီးများစတင်ခူးယူ၍ ရကြောင်း၊ အသီးများ သုံးလခန့် ခူးယူပြီးပါက အသီးမလိုက်တော့ကြောင်း စိုက်ပျိုးသူ ဦးအောင်ကြည်ထံမှ သိရသည်။
ပဲတောင့်ရှည်တစ်စည်းတွင် အတောင့်ရေ ငါးဆယ်ပါရှိသော တစ်စည်းကို ငွေကျပ်ငါးရာ၊ ခြောက်ရာ ဖြင့် ရောင်းချကြောင်း၊ မြို့တွင်းသို့လှည်လည်ရောင်းချသည့် စျေးသည်များမှ လာရောက်ဖောက်သည် ယူခြင်းများ ရှိကာ ရပ်နီးမှ လာရောက်ဝယ်ယူကြသူများလည်းရှိကြကြောင်း၊ မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းဖြင့် နေ့စဉ် ဝင်ငွေ ကျပ်ငါးထောင် မှ တစ်သောင်းအထိ ရရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားနေချိန်ဖြစ်သော်လည်း အနယ်နယ်အရပ်ရပ်မှ လာရောက် ဝယ်ယူသူများရှိ၍ မိသားစုဝင်ငွေလျော့နည်းသည်မှလွဲ၍ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။
မြင့်ဟန် (ပြန်/ဆက်)