ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာအသိ ပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသ

ပိုင်ကျုံ  ဖေဖော်ဝါရီ  ၁၇

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအကြောင်း သိကောင်းစရာများကို ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ပိုမိုရရှိစေရန်အတွက် မန်နေ့က နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာ‌ပေးဟောပြောပွဲ  ဆောင် ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက်(၃)ချက်၊ ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးအလုပ်သမားများ၏အသက်အရွယ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်နှင့်ပတ်သက်သည့် အကြောင်းအရာများကိုဟောပြောပြီး ပြသထားသည့်နံရံကပ် စာစောင်များကို ကျောင်းသားလူငယ်များက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသားလူငယ်များနှင့် ဒေသနေပြည်သူများ အသိပညာဗဟုသုတ ရရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲများ၊ နံရံကပ်စာစောင် ပြပွဲများ၊ စာအုပ်စာစောင်ပြပွဲများ၊ ပြိုင်ပွဲများနှင့် အသိပညာပေး(Talk Show)ဆွေးနွေးပွဲများ လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

နော်ခူး(ပြန်/ဆက်)