ပုသိမ် ဖေဖော်ဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီးအတွင်း အလားအလာရှိသော ထုတ်ကုန်(အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း လုပ်ငန်းစီမံကိန်း အုန်းအခြေခံစားသောက်ကုန်၊ လူသုံးကုန်၊ လက်မှုပညာပြပွဲနှင့် ပြိုင်ပွဲဆုချီးမြှင့် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဆုများချီးမြှင့်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “အုန်းအခြေခံထုတ်ကုန်ပစ္စည်းများအား ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ လုပ်ငန်းရှင်အဖွဲ့များက လာရောက်ပြသ ပြိုင်ပွဲဝင်ခဲ့ပါကြောင်း၊ ပြပွဲကာလအတွင်း အုန်းအခြေခံထုတ်ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းရှင်များတွေ့ဆုံပြီး လုပ်ငန်းအတွေ့အကြုံများ ဆွေးနွေးဖလှယ်ခြင်း၊ လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် အချိတ်အဆက်ကောင်းများ ရရှိစေခြင်းနှင့် အရည်အသွေးမြင့် ထုတ်ကုန်ပစ္စည်းများထုတ်လုပ်၍ ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက်သို့ တင်ပို့နိုင်မည့် အတွေ့အကြုံကောင်းများ ရရှိစေနိုင်မှာဖြစ်ပါကြောင်း၊ ထုတ်ပိုးမှုစနစ်နှင့် အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ပြီး ဝယ်ယူသုံးစွဲသူများ စိတ်ပါဝင်စားအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့၏ထုတ်ကုန်အရည်အသွေးများ ပိုမိုတိုးတက်အောင် ကြိုးပမ်းကြရန်နှင့် ထုတ်လုပ်ကြရန် တိုက်တွန်းလိုပါကြောင်း၊ အလားအလာရှိသော ထုတ်ကုန်(အုန်းသီး)တန်ဖိုး ကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း လုပ်ငန်းစီမံကိန်း လုပ်ငန်းစဉ်များတွင် အားလုံးတက်တက်ကြွကြွနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း” အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်ထုတ်ကုန်များတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့သည်။
ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က နှစ်သိမ့်ဆုရရှိသူများနှင့် ပြခန်းဆုရရှိသူများ ဆုများဆက်လက်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသူတစ်ဦးက ဆုရရှိသူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)