ပွင့်ဖြူ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေသီးနှံအချိန်မီစိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို ဖေဖော်ဝါရီ ၁၆ ရက်နေ့ကစပြီး စိုက်ပျိုးရေများ ဖြန့်ဝေပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံများအချိန်မီ စိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေဖူလုံစေရေးအတွက် နှစ်စဉ်မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် လယ်ယာမြေစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိသည်။ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင်လည်း မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေစပါးသီးနှံ အချိန်မီစိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် မြောက်မုန်းမြောင်းမကြီးမှတစ်ဆင့် စိုက်ပျိုးရေများ စတင်ဖြန့်ဝေဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဒေသတွင်းရှိ တောင်သူများ ရာသီအလိုက်သီးနှံအချိန်မီ စိုက်ပျိုးနိုင်ဖို့နဲ့ စိုက်ပျိုးရေလုံလောက်စွာရရှိဖို့အတွက် နှစ်စဉ် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနဲ့ မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် လယ်ယာမြေစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေပေးလျက်ရှိပါတယ်။ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ ဒေသခံတောင်သူတွေ နွေစပါး၊ နွေနှမ်းနဲ့ အခြားနွေသီးနှံ စိုက်ပျိုးနိုင်ရေးအတွက် ဖေဖော်ဝါရီလ (၁၆)ရက်နေ့ မနက်ပိုင်းကစပြီး ဆည်ရေဖြန့်ဝေပေးထားပါတယ်။ ယခုနှစ် ဆည်ရေပေးဝေမှုအနေနဲ့က မြောက်မုန်းမြောင်းမကြီးဆည်ရေသောက်ဧရိယာမှာ နွေစပါးအတွက် ဖြန့်ဝေခြင်းဖြစ်ပြီး တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာမှာ နွေနှမ်းနဲ့ အခြားနွေသီးနှံအတွက် စိုက်ပျိုးရေဖြန့်ဝေပေးမှာဖြစ်ပါတယ်။ စိုက်ပျိုးရေဖြန့်ဝေမှုကို ဖေဖော်ဝါရီလ(၁၆)ရက်နေ့ကစပြီး ဇွန်လ(၁၆)ရက်နေ့အထိ ဖြန့်ဝေပေးသွားမှာဖြစ်ပြီး ဒေသခံတောင်သူတွေကိုလည်း ဆည်ရေလေလွင့်ဆုံးရှုံးမှုမရှိအောင် စနစ်တကျအကျိုးရှိရှိ ရယူသုံးစွဲကြဖို့ ကြိုတင်အသိပေးနှိုးဆော်ထားပါတယ်”ဟု မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင်က ပြောပြသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါး ၃၁၂၈၇ ဧက၊ နွေနှမ်း ၃၇၃၄၈ စုစုပေါင်း နွေသီးနှံစိုက်ဧက ၆၈၆၃၅ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ နွေသီးနှံစိုက်ပျိုးမှုစာရင်းများအရ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)