ဒေးဒရဲ ဖေဖော်ဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ နေ့စဉ်ဝယ်ယူစားသုံးနေသည့် အစားအသောက်နှင့် ဆေးဝါးပစ္စည်းများ ဘေးကင်းလုံခြုံစွာ ဝယ်ယူသုံးစွဲနိုင်ရေး၊ ကုန်ပစ္စည်းစျေးနှုန်းများ တည်ငြိမ်စွာရောင်ချပေးနိုင်ရေး စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ဆေးအရောင်းဆိုင်များတွင် ဆေးနှင့် ဆေးပစ္စည်းများ စျေးနှုန်းများ တည်ငြိမ်စွာရောင်းချပေးနိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့ စစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူများက မြို့မစျေးနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်များ၌ တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်သိမ်းဆည်းထားခြင်းရှိ/မရှိ၊ သတ်မှတ်ကုန်ညွှန်းအမှတ်များ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ အခြေအနေတို့ကို လှည့်လည်စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အေဇာလင်း