ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာ မြေသားလမ်းအား ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ပွင့်ဖြူ ဖေဖော်ဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် မြေသားလမ်းအရှည်ပေ ၇ ဖာလုံအား ဒေသခံပြည်သူများ ရာသီမရွေးအဆင်ပြေစွာ သွားလာနိုင်ရန်အတွက် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးဘတ်ဂျတ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ညောင်ပင်ကျေးရွာ မြေသားလမ်းသည် အရှည်ပေ ၇ ဖာလုံရှိပြီး ဒေသခံပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၂၁၆ ဒသမ ၈၅ သန်းဖြင့် လမ်းအကျယ် 3.66 m ၊ လမ်းအမြင့်ထု (150mm×150mm×75mm) ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး ယခုလ ၁၆ ရက်နေ့တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မိမိလွင်နှင့် တာဝန်ခံ အင်ဂျင်နီယာများက ကတ္တရာလမ်းအဆင့်မြှင့် ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဒေသခံရပ်မိရပ်ဖများကိုတွေ့ဆုံကာ ဆောင်ရွက်ပြီးစီးသည့် ကတ္တရာလမ်းအား ရေရှည်တည်တံ့ ကောင်းမွန်စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။   

ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာ မြေသားလမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှာ အောင်မြင်စွာဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ဒေသခံကျေးလက်နေပြည်သူအတွက် မြို့ပြနှင့် ကျေးလက်အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်မည့်အပြင် ဒေသထွက် ကုန်စည်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများကိုလည်း ဈေးကွက်သို့ လွယ်လင့်တကူ သယ်ယူပို့ဆောင်ရောင်းချသွားနိုင်မည်ဖြစ်၍ ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မိမိလွင်က ပြောသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)