အထက်မင်းလှ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ ယမန်နေ့ နေ့လယ်(၁၂)နာရီခွဲက မလွန်ကျေးရွာဒေသခံပြည်သူများနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန်းထွန်းအောင်က မင်းလှမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ လာရောက်အသိပေးရှင်းလင်းဆွေးနွေးခြင်းဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများအနေဖြင့် မိမိတို့၏ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး၊ နယ်မြေလုံခြုံရေးပူးပေါင်းဆောင်ရွက်ရန်၊ ပညာရေး၊ ကျန်းမာရေးလမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်ရဲတပ်ဖွဲ့မှဒုရဲအုပ်ဇာနည်အောင်က လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ ဌာနများအလိုက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသည့်ဒေသခံပြည်သူများမှသိလိုသည်များကိုမေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကျေးရွာနေပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)