သာပေါင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ စက်ရုံ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြ

သာပေါင်း ဖေဖော်ဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လှေကြီးတတ်ကျေးရွာအုပ်စု၊ လှေကြီးတတ်ကျေးရွာ၊ တန် ၂၀၀ အဆင့်မြင့် စက္ကူစက်ရုံ(သာပေါင်း)မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ်သရုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က တန်(၂၀၀)အဆင့်မြင့် စက္ကူစက်ရုံ (သာပေါင်း)အစည်းအဝေးခန်းမ၌ ကျင်းပကြသည်။

စက်ရုံမီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးကျော်တိုး၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်‌ဇော်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးမောင်မောင်ဟိန်းမင်း၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနိုင်လင်းထက်၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကျော်သူလွင်မှ မီးသတ်ဦးစီးဌာန၊ သီးသန့်မီးသတ်တပ်ဖွဲ့ဖွဲ့စည်းပုံနှင့် အရန်မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းထားရှိမှု၊ မီးသတ်တပ်ဖွဲ့မှ ဘေးအန္တရာယ်ကျရောက်လာပါကလုပ်ငန်းတာဝန်များ၊ မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများ၊ မီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းရင်းများ၊ မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး မီးအသုံးပြု ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များ၊ မီးငြိမ်းသတ်နည်းများ၊မီး လောင်မှုဖြစ်ပေါ်လာပါက အရေးပေါ်ဆက်သွယ်နိုင်ရန် မီးသတ်စခန်း ဖုန်းနံပါတ်၊ မီးသတ်ဆေးဘူး သုံးစွဲနည်းအဆင့်ဆင့်တို့ကို အသိပညာပေး ရှင်းလင်းဟောပြောပြီးနောက် လျှပ်စစ်မီးကြိုးများ စနစ်တကျသွယ်တန်းထားရှိမှု၊ မီးချိတ်၊ မီးကတ်၊ သဲပုံး၊ ရေပုံး၊ အရေးပေါ် မီးငြိမ်းသတ်ရေကန်၊ မီးသတ်ရေငုပ်များ စစ်ဆေးခြင်း၊ မီးမိန်းခုံများ၊ သုံးစွဲသွယ်တန်းလျှပ်စစ်ဓါတ်ကြိုးများ ကောင်းမွန်မှုရှိမရှိစစ်ဆေးခြင်းများကို တန်(၂၀၀)အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)၊ မြန်မာ့ကော်ပိုရေးရှင်း တန်(၆၀) သတင်းစာစက္ကူစက်ရုံအတွင်း လှည့်လည်စိစစ်ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကျော်သူလွင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်သရုပ်ပြခြင်း၊ စက်ရုံဝန်ထမ်းများအား မီးငြိမ်းသတ်ဆေးဘူးအသုံးပြု မီးငြိမ်းသတ်နည်းနှင့် အောက်ဆီဂျင်ဖြတ်တောက် မီးငြှိမ်းသတ်နည်းတို့ကို လက်တွေ့ပါဝင် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း၊ သာပေါင်း(ပြန်/ဆက်)