ကန့်ဘလူ နိုဝင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ တပင်ရွှေထီးလမ်းမကြီးတစ်လျှောက် ယုဇနလမ်းဆုံမှမြို့အဝင် ဆိုင်းဘုတ် (ခရိုင် စုပေါင်းရုံး ရှေ့) အထိ ညပိုင်းကာလများ၌ ယာဉ်အန္တရာယ် ကင်းရှင်းစေရေး၊ မြို့သာယာရေး၊ မြို့ အင်္ဂါရပ်နှင့် ညီညွတ်ရေး၊ မြို့တွင်း လုံခြုံရေး အထောက်အကူရရှိစေရေး ရည်ရွယ်၍ လမ်းလယ်မီးတိုင်(Double Arm C/W ×2 ×120 W LED) ၆၀ ကို တိုးချဲ့ တပ်ဆင်စိုက်ထူနေကြောင်း သိရသည်။
“လမ်းမီးတိုင်တွေ အခုစတင် တပ်ဆင်စိုက်ထူနေပါပြီ။ အရင်ကလည်း လမ်းလယ်မီးတိုင်များ တစ်ကြိမ် တပ်ဆင်ခဲ့ရာမှာ ဘူတာကနေ ယုဇနလမ်းအထိ ဆောင်ရွက်ခဲ့ပါတယ်။ အခုက နောက်ထပ်တိုက်ပေါင်း (၆၀)စိုက် ထူနေတာဖြစ်ပါတယ်။ ဒီလမ်းက အသွားအလာ အများဆုံးဖြစ်တဲ့ လမ်းလည်းဖြစ်ပါတယ်။ ဒီလိုဆောင် ရွက်နိုင်ဖို့ ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံ ပြည်သူများနဲ့ ပူးပေါင်းညှိနှိုင်းပြီး ကုန်ကျငွေကို တိုင်းဒေသကြီးအစိုးရမှ တစ်ဝက်ထောက်ပံ့၍ ပြည်သူများက တစ် ဝက်ထည့်ဝင် လှူဒါန်းမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်က ပြောကြားခဲ့သည်။
အဆိုပါ လမ်းပေါ်တွင် လမ်းလယ်မီးတိုင်စိုက်ထူရန်၊ လမ်းမီးထွန်းညှိဆောင်ရွက်ရန် Grace Light ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက် လျက်ရှိသည်။ ယခုတပ်ဆင်အသုံးပြုသည့် လမ်းမီးတိုင်နှင့်လမ်းမီးများတွင် တိုင်တစ်တိုင်လျှင် ငွေကျပ် ၁၆၅၀၀၀၀ ဝန်းကျင် ရှိကြောင်းနှင့် စုစုပေါင်း ငွေကျပ် (၉၉၀၀၀၀၀၀) ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)