ဘိုကလေး ဖေဖော်ဝါရီ ၁၆
ဗုဒ္ဓသာသနာတော် ထွန်းကားတည်တံ့ရေးအတွက် အခြေခံ အကျဆုံးဖြစ်သော ပရိယတ္တိသာသနာ တိုးတက်ပြန့်ပွားရေးကိုရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပဉ္စနိကာယ မဟာသီဝံကျောင်းတိုက်တွင် မြို့နယ်နိကာယ်သာသနာတော် ထွန်းလင်းတောက်ပရေး အသင်းမှကြီးမှူး၍ (၃၁)ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲကို ယနေ့မွန်းတည့် (၁၂)နာရီ အချိန်မှစတင်၍ ကျင်းပပြုလုပ်သည်။
အဆိုပါ စာမေးပွဲသို့ ဖျာပုံမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဘိုကလေးမြို့နယ်အတွင်းမှ သံဃတော်နှင့် ရှင်သာမဏေ မဟာဝါတန်း(၃)ပါး၊ ပါရဇိကတန်း (၁)ပါး၊ စူဠပဗ္ဗ ပထမအဆင့်(၁၁၇)ပါး၊ စူဠပဗ္ဗဒုတိယအဆင့်(၂၇)ပါး၊ စုစုပေါင်း(၁၄၈)ပါးဝင်ရောက်ဖြေ ဆိုကြကြောင်းနှင့် စာမေးပွဲအား ယနေ့ဖေဖော်ဝါရီ (၁၆)မှ (၁၈)ရက်နေ့အထိ (၃)ရက်တာ နေ့စဉ်မွန်းတည့် (၁၂)နာရီမှ ညနေ(၄)နာရီအထိ ကျင်းပမည်ဖြစ်ပြီး စာအောင်သဘင်အား ဖေဖော်ဝါရီ (၂၀)ရက်နေ့တွင် ချီးမြှင့် အပ်နှင်းသွားမည်ဖြစ်ကြောင်း စာမေးပွဲကျင်းပရေးကော် မတီထံမှ သိရသည်။
စာဖြေစဉ်ကာလလတစ်လျှောက် သံဃာတော်များနှင့် ရှင်သာမဏေများ၏ ကျန်းမာရေး ကိစ္စရပ်များကိုလည်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့မှ ကူညီစောင့်ရှောက်ကြကြောင်းနှင့် စာမေးပွဲအောင်မြင်စွာကျင်းပဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်နိကာယ်သာသနာတော် ထွန်းလင်းတောက်ပရေးအသင်းနှင့်အတူ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများက ကော်မတီများအဖြစ်ပါဝင်ကူညီဆောင်ရွက်ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)