ပြည် ဖေဖော်ဝါရီ ၁၆
ကျန်းမာရေးဝန်ကြီးဌာန မျက်စိအထူးကုဆရာဝန်ကြီးများ၏ မျက်စိအတွင်းတိမ် ခွဲစိတ်ကုသမှုအစီအစဉ်ဖြင့် ပြည်မြို့ခုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီး ငါးထပ်ကုသဆောင်သစ်၌ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကစ၍ ၂၂ရက်နေ့အထိ ၁၀ ရက်တိုင် ရဟန်းရှင်လူပြည်သူများအား အခမဲ့မျက်စိအတွင်းတိမ် စမ်းသပ်စစ်ဆေး ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ယင်းဆောင်ရွက်ပေးမှုအား ယနေ့နံနက်ပိုင်းက ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဆန်းဌေးမောင်၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့်တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးပြီး ခွဲစိတ်ကုသမှုခံယူပြီးသူလူနာများကို အားပေးစကားပြောကြားကာ နေကာမျက်မှန်များတပ်ဆင်ပေးကြသည်။
ထိုသို့အခမဲ့မျက်စိအတွင်းတိမ် စမ်းသပ်စစ်ဆေးခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးရာသို့ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းမှ မြို့နယ်များ၊ မကွေးတိုင်းဒေသကြီး, အောင်လံမြို့နယ်နှင့် တောင်တွင်းကြီးမြို့နယ်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ စုစုပေါင်း ရဟန်းရှင်လူပြည်သူ ၃၀၀ ကျော် မျက်စိအတွင်းတိမ် လာရောက်ပြသစမ်းသပ်စစ်ဆေးကုသမှုများခံယူလျက်ရှိကာ ၎င်းတို့ကို ရန်ကုန်မြို့မှ မျက်စိအထူးကုဆရာဝန်ကြီးနှစ်ဦးနှင့် ပြည်မြို့ပြည်သူ့ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးနှစ်ဦးတို့က ခေတ်မီစက်ကိရိယာများဖြင့် စမ်းသပ်စစ်ဆေးမှုများပြုလုပ်၍ ခွဲစိတ်ရန်လိုအပ်သူများကို ချက်ချင်းခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီးယနေ့နံနက်ပိုင်းအထိ လူနာ ၁၅၉ ဦးအား အောင်မြင်စွာ ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမဲ့မျက်စိအတွင်းတိမ်ခွဲစိတ်ကုသမှုခံယူပြီးသူ ရဟန်းရှင်လူပြည်သူများအတွက် နေကာမျက်မှန်အပါအဝင် မျက်စဉ်း၊ မျက်ကပ်မှန်နှင့် ဆေးဝါးများကို ကျန်းမာရေးဝန်ကြီးဌာနမှအခမဲ့ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး လူနာများအား ပြည်မြို့ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးဦးဆောင်သော ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများကို အနီးကပ်ကြီးကြပ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)