စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြို့မရွှေဂူကျောင်းတိုက်ကြီး၌ အသံမစဲ ဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကျင်းပ

မုံရွာ ဖေဖော်ဝါရီ ၁၆

ဘုရားရှင်၏ နှုတ်ကပါတ်တော်များဖြစ်သည့် ဥပ္ပါတသန္တိသုတ်တော်အား ရွတ်ဆိုခြင်းဖြင့် ပြည်သူ၊ ပြည်သားများအားလုံး ဘေးအန္တရာယ်များ မကျရောက်စေရန်၊ ကပ်ကြီးသုံးပါးမှ ကျော်လွှားနိုင်စေရန်နှင့် ငြိမ်းအေးချမ်းသာခြင်းသုခကို ရရှိစေနိုင်ရန်အတွက် ရည်ရွယ်၍ အသံမစဲဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်ရှိ မြို့မရွှေဂူကျောင်းတိုက်ကြီးတွင်ကျင်းပရာ အခမ်းအနားသို့ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးသာသနာရေးဦးစီးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ “နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ကြပြီး မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ မြို့မရွှေဂူကျောင်းတိုက် ဆရာတော်ကြီးထံမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် မုံရွာမြို့၊ မြို့မရွှေဂူကျောင်းတိုက်၊ စာချဆရာတော်များ ဖြစ်ကြသော အရှင်သူမြတ်များမှ ဗုဒ္ဓရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာတော်အား ရွတ်ဖတ်ပူဇော်ခြင်း၊ အသံမစဲ ဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ပူဇော်ရာ၌ တရားတော်များ နာယူကြည်ညိုနိုင်ရန် နတ်ဗြဟ္မာများအား ဖိတ်ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ဆရာတော်၊ သံဃာတော်များထံသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေ ၁,၈၆၀,၀၀၀ ကျပ်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းကြသည်။ 

ထို့နောက် မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ မြို့မရွှေဂူကျောင်းတိုက် ဆရာတော်ကြီးထံမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အလှည့်ကျ ဘာဏကသံဃာတော်အရှင်သူမြတ်မှ စတင်၍ ဥပ္ပါတသန္တိပါဠိတော်အား ရွတ်ဖတ်ပူဇော်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)