မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်နည်းများ လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်

မုံရွာ ဖေဖော်ဝါရီ ၁၆

ပွင်းလင်းရာသီရောက်ရှိလာပြီဖြစ်၍ မုံရွာမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေပြည်သူများအား မီးကိုပေါ့ဆစွာအသုံးမပြုကြရန်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေး၊ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များအတွင်း လိုက်လံအသိပေးနှိုးဆော်ခြင်းနှင့် မီးငြိမ်းသတ်နည်းများကို ဖေဖော်ဝါရီ ၁၆ ရက် နံနက်(၉)နာရီတွင် ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့နှိုးဆော်ခြင်းနှင့် မီးငြိမ်းသတ်နည်းများ လက်တွေ့သရုပ်ပြသရာတွင် ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာဝန် ထမ်းများပူးပေါင်းအဖွဲ့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်နည်းများ လက်တွေ့သရုပ်ပြသခြင်းကို ဆောင်ရွက်လျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ မုံရွာမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မီးဖိုမီးသုံးစွဲချိန်များကို နေ့စဥ် နံနက် ၅ နာရီမှ ၁၁ နာရီ၊ ညနေ ၄ နာရီမှ ၇ နာရီထိအသုံးပြုရန်၊ ခိုင်ခန့်သော မီးချိတ်၊ မီးကပ်၊ လှေကား၊ သဲ၊ ရေ အသင့်ထားရှိရန်၊ မီးဖိုနှင့် အမိုးနံရံကြားတွင် သွပ်ပြား၊ မီးခံကျောက်ပြား၊ အုတ်ကာရံထားရန်၊ မီးကြွင်းမီးကျန်မထားရှိဘဲ စနစ်တကျငြှိမ်းသတ်ရန်၊ နေအိမ်များတွင် အမှိုက်သရိုက်၊ ကောက်ရိုး၊ ဓနိစသည်တို့ကို ရှင်းလင်းထားရန်၊ မီးပါသောဆေးလိပ်တိုကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းမပြုရန်၊ ဟောင်းနွမ်းချို့ယွင်းနေသော လျှပ်စစ်ပစ္စည်းများ၊ ဝါယာကြိုးများ အသုံးမပြုရန်၊ ဖယောင်းတိုင်၊ အမွှေးတိုင်အသုံးပြုပါက မီးခံခွက်ထားရှိရန်၊ ခြင်ထောင်၊ လိုက်ကာနှင့်‌ လေမငြိမ်သက်သော နေရာများတွင် ဖယောင်းတိုင်မီးထွန်းမထားရန်၊ အမှိုက်သရိုက်များမီးရှို့ပါက မီးသတ်တပ်ဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ရမှသာ မီးရှို့ရန်၊ ညအချိန်အမှိုက်များ မီးရှို့ခြင်းမပြုရန်၊ ရာသီဥတုပူပြင်းချိန်များတွင် ပလပ်စတစ်ပုံးဖြင့် ဆီထည့်ခြင်း၊ ဖလှယ်ခြင်းမပြုလုပ်ရန်၊ မီးဘေးကြိုတင်သတိပေးချက်များအား လိုက်နာမှုရှိ၊မရှိ စစ်ဆေးရေးအဖွဲ့များက လိုက်လံစစ်ဆေးမည်ဖြစ်ပြီး လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)