ဒေးဒရဲမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာလျက်ရှိ

ဒေးဒရဲ ဖေဖော်ဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုခြင်းစမ်းသပ်မဲပေးလေ့လာခြင်းကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊အသင်းအဖွဲ့များနှင့်မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက မြန်မာအီလက်ထရောနစ် မဲပေးစက်ကိုအသုံးပြု၍ မဲပေးခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများနှင့်အတူ ၎င်းမဲပေးစနစ်သည် ရိုးရှင်းပြီး လုံခြုံစိတ်ချရသည့် စနစ်ဖြစ်ပြီး အီလက်ထရောနစ်စက် မဲပေးစက်များ အသုံးပြုခြင်းအားဖြင့် လွတ်လပ်၍ တရားမျှတသော၊ ပွင့်လင်းမြင်သာမှုရှိသော၊ ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးတွင် ကြီးစွာသောအထောက်အကူဖြစ်မည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဖျာပုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ခရိုင်ရွေးကောက်ပွဲ အရာရှိဦးဇော်လင်းဦးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ မဲပေးမှုနှင့် စပ်လျဉ်းသည်များကို Power Point ဖြင့် ပြသရှင်းလင်းခဲ့ကြသည်။

ထို့နောက် အခမ်းအနားကို တက်ရောက်လာကြသူ မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ လက်တွေ့မဲပေးလေ့လာခဲ့ကြကြောင်း သိရသည်။

အေဇာလင်း