ကန့်ဘလူ ဖေဖော်ဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၉ နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ညောင်အိုင်၌ ကျင်းပပြုလုပ်သည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်နန်းမြင့်က ကလေးအလုပ်သမားဆိုသည်မှာ ဥပဒေကခွင့်ပြုထားသော အသက်အရွယ်ထက်ငယ်ရွယ်ခြင်း၊ ဥပဒေကခွင့်ပြုမထားသော အလုပ်အမျိုးအစားတွင်လုပ်ကိုင်နေရခြင်း၊ ဥပဒေကခွင့်ပြုထားသော အသက်အရွယ်ရှိသေည်လည်း လုပ်ကိုင်ရသည့်အလုပ်အမျိုးအစားနှင့် သတ်မှတ်အလုပ်ချိန်ကြောင့် အလုပ်လုပ်နေရသည့် ကလေး၏ပညာရေး(သိ့မဟုတ်) ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကို ထိခိုက်စေခြင်းတို့ကိုဆိုလိုကြောင်း၊ မည်သည့်အလုပ်မျိုးကိုမဆို အသက် ၁၄ နှစ်အောက်ကလေးများအား လုပ်ကိုင်ခွင့်မပြုရန် ဥပဒေက တားမြစ်ထားကြောင်း၊ ကလေးများလုပ်သောအလုပ်နှင့် ကလေးသူငယ်အခွင့်အရေး၊ ပညာသင်ခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုခံယူပိုင်ခွင့်၊ မတော်မတရားပြုမှု၊ အကြမ်းဖက်မှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့မှ အကာအကွယ်ပေးပိုင်ခွင့်နှင့် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ချက်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသ စာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသားကျောင်းသူများက စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)