ဒေးဒရဲ ဖေဖော်ဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးလျက်ရှိသည့် တောင်သူများ စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနက နွေစပါးမြောင်းများ တူးဖော်လျက်ရှိသည့် လုပ်ငန်းများအား မြို့နယ်စီမံ အုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါနွေစပါးမြောင်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ် (၂၂၆.၆၅၂)သန်းဖြင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနက အနီးကပ် ကြီးကြပ်မှုဖြင့် ဧရာမင်္ဂလာကုမ္ပဏီက အလျား (၃၆၅၀၀) ပေ၊ ထိပ်ဝအကျယ် (၂၁) ပေ၊ အောက်ခြေအကျယ် (၁၀.၅) ပေ၊ အနက်(၆)ပေရှိ နွေစပါးမြောင်းအား ၂၀၂၃ ခုနှစ်၊ စက်တင် ဘာလ (၂၀)ရက်နေ့မှ စတင်၍ စက်ယန္တရားများဖြင့် တူးဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ပြီး ၎င်းဒေသရှိ နွေစပါးစိုက်ဧက (၁၆၈၀)ဧကနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ကျေးရွာနေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေရရှိရေးအတွက် နွေစပါးမြောင်းများ တူးဖော်ပေးခြင်း၊ ရေငန်တားတာများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
အေဇာလင်း