ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဆယ်အိမ်စုမှူး သင်တန်းဖွင့်ပွဲ တက်ရောက်

ဘားအံ ဖေဖော်ဝါရီ ၁၆

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် အတူ ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ(၂)၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား ဆန်၊ ဆီ၊ ကြက်ဥ အစရှိသော စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ဌာန၏ မူဝါဒများ၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ၊ အခါအားလျှော်စွာ ထုတ်ပြန်သည့် အမိန့်နှင့်ညွှန်ကြားချက်များကို သိရှိနားလည်ပြီး ပေးအပ်သည့် တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်နိုင်သော အရည်အချင်းရှိသော၊ ဘက်ပေါင်းစုံထူးချွန်သော၊ စံနမူနာပြဖြစ်သော ဝန်ထမ်းကောင်းများအဖြစ် ကြိုးစားကျင့်ကြံနေထိုင်သွားကြစေလိုကြောင်း၊ ဌာနအားလုံးနှင့် ထိတွေ့ဆက်ဆံရသည့်အတွက် သက်ဆိုင်ရာ ဌာနများအလိုက် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများကို ဖတ်မှတ်လေ့လာ သိရှိထားကြဖို့လိုကာ ဝန်ထမ်းများ၏ သက်သာချောင်ချိရေး ကိစ္စရပ်များကို တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကို ဂရုစိုက်ကြစေလိုပြီး ချိုးခြံချွေတာ၍ အားလပ်ချိန်များတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းတစ်ဦးလျှင် ဆန်(၆)ပြည်၊  ဆီ(၅၀)ကျပ်သား၊ ကြက်ဥ (၁၀)လုံး နှုန်းဖြင့်  စုစုပေါင်း ငွေကျပ် ၇၁၉၂၇၀၀ (ခုနှစ်ဆယ့်တစ်သိန်းကိုးသောင်းနှစ်ထောင်ခုနှစ်ရာ) တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး ဝန်ထမ်းများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဆယ်အိမ်စုမှူး သင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၄ နာရီခန့်က ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး(မိသားစု ဝင်ငွေတိုးရေး)၊ လူမှုရေးဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာများအနှံ သိရှိခံစား၍ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြရန် ရည်ရွယ်၍ ယခုသင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းမှ ရရှိသည့်အသိပညာများအား ပြည်သူလူထုအကြားသို့ ရောက်ရှိကာ ပြည်သူလူထု၏ အကျိုးအားလုံးကို ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်နိုင်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဆယ်အိမ်စုမှူး သင်တန်းအတွက် ငွေကျပ်(၁၀)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်နန်းဘေဘီမြင့်က သင်တန်းသူ(၃၀)ဦးအတွက် ဝတ်စုံအစုံ(၃၀)နှင့် ဘိုးကလစ်(၃၀)ခုတို့ကို ပေးအပ်ရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါ သင်တန်းသို့ ဘားအံမြို့နယ်မှ သင်တန်းသူ (၂၂)ဦး၊ လှိုင်းဘွဲမြို့နယ်မှ သင်တန်းသူ(၈)ဦး စုစုပေါင်း သင်တန်းသူ (၃၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ (၃)ရက် ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)