ပေါင်းတည် ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးအတွက် လယ်ယာထွက်ကုန် တိုးတက်မြင့်မားရေးကို အထောက်အကူပြုမည့် Agro Future Myanmar လက်ဆွဲကောက်စိုက်စက်၏ စွမ်းဆောင်နိုင်မှုကို သိရှိနားလည်ပြီးနောက် ယခု နွေစပါးစိုက်ပျိုးမှုလုပ်ငန်းခွင်တွင် တောင်သူများ အသုံးပြုလာကြကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်က စက်မှုလယ်ယာဦးစီးဌာနမှ အဆိုပါ တစ်နိုင်တစ်ပိုင် လက်ဆွဲကောက်စိုက်စက်နှင့် တောင်သူများအား မိတ်ဆက်ပေးခဲ့ပြီးနောက် တောင်သူများစိတ်ဝင်စားလာကာ ယင်းသို့ စမ်းသပ် အသုံးပြုလာခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လက်ဆွဲ ကောက်စိုက်စက်၏ ကိုယ်ထည်ကို စတီးလ်ဖြင့် တည်ဆောက်ထား၍ ပေါ့ပါးခိုင်မာကြောင်း၊ အင်ဂျင်ပါဝါ 1.5 KW/2Hp ရှိ၍ လုပ်ငန်းတွင်ကျယ်ကြောင်း၊ ဆီစားသက်သာကြောင်း၊ ၁ ရက်လျှင် ၅ ဧကစိုက်ပျိုးနိုင်ကြောင်း၊ မြန်မာပြည်တွင် ထုတ်လုပ်ထားသောကြောင့် ပြည်ပမှ ဝယ်ယူသည့် စက်များထက် ကုန်ကျစရိတ်သက်သာ၍ စျေးနှုန်းအနေဖြင့် များစွာသက်သာကြောင်း၊ တန်ဖိုးငွေ ကျပ်သိန်း ၃၀ ဝန်းကျင်သာ ကုန်ကျကြောင်းနှင့် အရစ်ကျပေးချေစနစ်ဖြင့်လည်း ဝယ်ယူရရှိနိုင်ကြောင်းကို အသုံးပြုနေသူ တောင်သူတစ်ဦးထံမှ သိရသည်။
သူရကြီး (ပြန်/ဆက်)