ကလိန်အောင် ဖေဖော်ဝါရီ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ဆောင်းရာသီ ကာလပန်းဖြစ်သော သဇင်ပန်းများ စတင်ထွက်ရှိချိန်ဖြစ်သည့်အတွက် ဈေးကောင်းရရှိကာ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ကလိန်အောင်မြို့ရှိ သဇင်ပန်းစိုက်ပျိုးသူများထံမှ သိရသည်။
" သဇင်ပန်းက ဒီဇင်ဘာလလောက်ဆိုရင် စပွင့်ပြီးတော့ ဖေဖော်ဝါရီလကုန်အထိရောင်းရတယ်၊ တခြားမြို့ကြီးတွေက အော်ဒါမှာရင်လဲ ပို့ပေးတယ်၊ လက်ရှိရောင်းဈေးက တစ်ခတ်ကို ငွေ ၂၅၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ ဈေးရရှိပါတယ် "ဟု ကလိန်အောင်မြို့ရှိ သဇင်ပန်းစိုက်ပျိုးသူ ဦးနေလင်းအောင်က ပြောသည်။
သဇင်ပန်းကို ထားဝယ်မြို့နှင့် အနီးဝန်းကျင်ကျေးရွာများက မင်္ဂလာပွဲများ၊ အလှူပွဲများ ကျင်းပရာတွင် လာရောက်ဝယ်ယူကြသလို အော်ဒါမှာယူတာလဲရှိကြကြောင်း ၎င်းက ဆက်လက်ပြောသည်။
သဇင်ပန်း မျိုးဥများကို ထားဝယ်မြို့နှင့် တခြားလာရောက်ရောင်းချသူများထံမှ ထားဝယ်သဇင်ပန်း တစ်ပိဿာကို ငွေကျပ်(၉)သိန်းမှ (၁၀)သိန်းကျပ် လောက်အထိ ဝယ်ယူရပြီး မျိုးဥများကို ပြန်လည်ပွားယူရကာ ပန်းအခတ်လှအောင် ပျိုးစုပျိုးထားရပြီး စီးပွားအဖြစ် ရောင်းချရကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)