ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် အုန်းအခြေခံစားသောက်ကုန်၊ လူသုံးကုန်၊ လက်မှုပညာပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်၊ ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတား တည်ဆောက်ရေးလုပ်ငန်းခွင်ကြည့်ရှုစစ်ဆေး

ပုသိမ် ဖေဖော်ဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီးအတွင်း အလားအလာရှိသောထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း လုပ်ငန်းစီမံကိန်း အုန်းအခြေခံစားသောက်ကုန်၊ လူသုံးကုန်၊ လက်မှုပညာပြပွဲနှင့် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ အုန်းအခြေခံထုတ်ကုန်ပစ္စည်းများ ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ဧရာဝတီတိုင်းဒေသကြီးသည် အုန်းစိုက်ပျိုးဧက ခြောက်သောင်းကျော်ရှိပြီး ဖျာပုံမြို့နယ်နှင့် ပုသိမ်မြို့နယ်တို့မှ အများဆုံးထွက်ရှိပြီး ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်သည့် အလားအလာများလည်းရှိပါကြောင်း၊ အုန်းစိမ်းရည် သုံးစွဲခြင်းမှသည် စားသောက်ကုန်လုပ်ငန်းများ၊ အလှကုန်ထုတ်လုပ်သည့်လုပ်ငန်းများ၊ လက်မှုပညာ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိပါကြောင်း၊ အုန်းသီးမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှထွက်ရှိသည့် အုန်းသီးများအား ဘဏ္ဍာနှစ်အလိုက် ပြည်ပသို့ တင်ပို့နိုင်ခဲ့ပါကြောင်း၊ ယခုစီမံကိန်းမှ အုန်းစိုက်ပျိုး ထုတ်လုပ်သူများအတွက် အမှန်တကယ် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့်လည်း လိုအပ်သည့်နေရာများတွင် ညှိနှိုင်းပူးပေါင်း ပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း” အမှာစကားများပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က စီမံကိန်းနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ အုန်းအခြေခံပို့ကုန်မြှင်တင်နိုင်ရေး၊ အုန်းအခြေခံ စားသောက်ကုန်၊ လူသုံးကုန်၊ လက်မှုပညာပြပွဲနှင့် ပြိုင်ပွဲပြုလုပ်ရခြင်းများကို ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး အုန်းအခြေခံစားသောက်ကုန်၊ သဘာဝ အုန်းမှုန့်မြေဩဇာ၊ လူသုံးကုန်ပစ္စည်းများ၊ အုန်းလက်မှုပစ္စည်းများနှင့် အုန်းထွက်ပစ္စည်းများ ပြသထားသည့် ပြခန်းများကိုလှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

အုန်းအခြေခံထုတ်ကုန်ပစ္စည်းများ ပြပွဲနှင့်ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အုန်းအခြေခံထုတ်ကုန်ပြခန်း (၂၁) ခန်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ အုန်းအခြေခံထုတ်ကုန်ပြခန်း (၆) ခန်း၊ စုစုပေါင်း (၂၇) ခန်း ပါဝင်ယှဉ်ပြိုင်ပြသလျက်ရှိပြီး ယခုလ (၁၅) ရက်နေ့မှ (၁၆) ရက်နေ့အထိ ပြသသွားမည်ဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကမ်းနားလမ်းရှိဥမ္မာဒန္တီတံတားနှင့် ဗိုလ်မြတ်လေးတံတားအကြားရှိ ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတားတည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိ၍ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကျပ် (၈၂၀.၀၀) သန်းဖြင့် Bored Pile အခြေပြုတိုးချဲ့ဆိပ်ခံတားအလျား (၂၀၀) ပေ တည်ဆောက်နေသည့် အခြေအနေအားရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ လုပ်ငန်းအချိန်မီပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး လမ်းညွှန်မှာကြားပါသည်။ အဆိုပါကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတား အလျား (၂၀၀) ပေတည်ဆောက်ခြင်းလုပ်ငန်းသည် ယနေ့အထိ(၇၀) ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ရာနှုန်းပြည့်ပြီးစီးမည်ဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာရှိ တောင်သူဦးမြင့်အောင်၏ နွေစပါးစိုက်ဧက (၂) ဧကတွင် ရက်(၉၀) မျိုးစပါးအား Seeder စနစ်ဖြင့် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အထွက်တိုးမျိုးကောင်းမျိုးသန့်များစိုက်ပျိုးရန်နှင့် အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးရန်မှာကြားခဲ့ကြောင်းသိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)