ရေတာရှည် ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ် ရေနီမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ရေနီမြို့ စည်ပင်သာယာရေးစျေးအတွင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကောင်းထက်နိုင်က ရေနီမြို့စည်ပင်သာယာရေးအတွင်း စျေးသူ၊ စျေးသားများနှင့်တွေ့ဆုံကာ ရပ်ကွက်အတွင်း နေအိမ်များအား တစ်အိမ်တက်ဆင်းပြုလုပ်၍ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ပြီး မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်၊ မီးဘေးလုံခြုံရေးနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များ၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေး ဆောင်ရွက်မှုလုပ်ငန်းစဥ်များအပြင် မီးလောင်မှုဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ မီးသတ်ဦးစီးဌာနသို့ အလျင်အမြန် ဆက်သွယ်နိုင်ရန် အရေးပေါ်တယ်လီဖုန်းနံပါတ်များ သိရှိစေရေးတို့ကို အသိပညာပေး ဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကောင်းထက်နိုင်က စျေးသူ၊ စျေးသားများနှင့်အတူ မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းကို ဆောင်ရွက်ခဲ့ကြပြီး မီးငြှိမ်းသတ်ယာဥ်ဖြင့် ငြှိမ်းသတ်ခြင်းများကို သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
ဇော်ထက်(ရေတာရှည်)