သာယာဝတီမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

 

သာယာဝတီ ဖေဖော်ဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို သာယာဝတီမြို့ Max စက်သုံးဆီအရောင်းဆိုင်တွင် ယနေ့ နံနက် ၈ နာရီတွင် ဆောင်ရွက်ခဲ့​ကြသည်။

အသိပညာပေးဟောပြောပွဲတွင် သာယာဝတီမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်လတ်က မီးဘေးလုံခြုံရေး ပစ္စည်းကိရိယာများ ပြည့်စုံစွာထားရှိရန်၊ မီးဘေးအန္တရာယ် အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက အလျင်အမြန် ဆောင်ရွက်ရမည့် လုပ်ငန်းများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး မြို့ပေါ်စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များနှင့် ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။       

ယင်းနောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များနှင့် ဝန်ထမ်းများအား မီးသတ်ဆေးဘူး၏ အချက်အလက်များ၊ အသုံးပြုပုံနှင့် လက်​တွေ့မီးငြှိမ်းသတ်နည်းများ၊ Foam ဆေးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ  စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇင်ထက်အောင်နှင့် မြို့ပေါ် စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး သာယာဝတီမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ ညွှန်ကြားချက်မျာနှင့်အညီ မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ စျေးများ၊ ကျောင်းများ၊ တည်းခိုခန်းများ၊ စက်ရုံအလုပ်ရုံများ၊ သာသနိကအဆောက်ဦများ၊ လူနေအိမ်များအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့် နေ့စဥ်အရှိန်အဟုန်မြှင့် လိုက်လံစစ်ဆေး အကြံပြုသတိပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)