ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ကန်ကြီးထောင့်မြို့နယ်တွင် နွေစပါးမျိုးစေ့ချ ကိရိယာဖြင့် မျိုးစေ့ချခြင်းအခမ်းအနားအား တက်ရောက်ကြည့်ရှုအားပေး

ကန်ကြီးထောင့် ဖေဖော်ဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင်  နွေစပါးမျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နေ့‌လည် (၂) နာရီအချိန်က အပင်နှစ်ဆယ် ကျေးရွာအုပ်စု၊ အပင်နှစ်ဆယ်‌ကျေးရွာတွင်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့က တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ဧရာဝတီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဦးဆောင်သောအဖွဲ့နှင့် တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများသည် အပင်နှစ်ဆယ် ကျေးရွာအုပ်စု၊ အပင်နှစ်ဆယ်ကျေးရွာရှိ ကွင်းအမှတ် ၁၆၇ခ၊ ဦးပိုင်အမှတ် ၁၄/၃၊ တောင်သူ ဦးမြင့်အောင်၏ လယ် (၂) ဧကတွင် ရက် ၉၀ စပါးမျိုးအား မျိုးစေ့ချကိရိယာဖြင့်မျိုးစေ့ချမှုအခြေအနေအား လာရောက်ကြည့်ရှုခဲ့ကြသည်။

ထိုသို့လာရောက်ကြည့်ရှုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးသိန်းနိုင်စိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပြီး ဧရာဝတီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)