စေတုတ္တရာမြို့နယ်တွင် ဌာနဆိုင်ရာ ရုံးအဆောက်အဦများ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

 

စေတုတ္တရာ ဖေဖော်ဝါရီ ၁၆

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးအဆောက်အဦများအား မီးဘေးလုံခြုံရေးအတွက် မီးဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဇော်ခိုင်လတ်နှင့် တပ်ဖွဲ့ဝင်များသည် မီးလောင်မှု၊မီးလှန့်မှုများ မဖြစ်ပွားစေရန်အတွက် သွယ်တန်းထားသော ဝါယာကြိုးများ ခိုင်ခန့်မှုရှိ/မရှိစစ်ဆေးခြင်း၊ မီးသတ်ပစ္စည်းကိရိယာများဖြစ်သော မီးသတ်ဆေးဗူးများ တပ်ဆင်ထားရှိမှု၊ ရုံးစာရွက်စာတမ်းများထားရှိမှု၊ မီးလှန့်အချက်ပေးကိရိယာများ လုံလောက်စွာ တပ်ဆင်ထားခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ ရေကန်များတွင် ရေလုံလောက်စွာ ထားရှိမှုရှိမရှိစစ်ဆေးခြင်းနှင့် လျှပ်စစ်မီးအား သတိထားကိုင်တွယ်ကြရန်နှင့် မီးသတ်ဆေးဗူးအသုံးပြုနည်းနှင့် စနစ်တကျ ကိုင်တွယ်အသုံးပြုနည်းများကို ရှင်းလင်းပြောကြားပြီး၊ မီးဘေးအန္တရာယ်ကြုံတွေ့ပါက မီးသတ်ဦးစီးဌာနသို့ အချိန်မီဆက်သွယ်အကြောင်းကြားရန် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများအား အသိပညာပေးပြောကြားကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)